အထက်မင်းလှမြို့နယ်၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်၊ ညောင်ပင်သာ စသည့်ကျေးရွာများတွင် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြားစားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး ကုန်းကြီးအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်နီ (ခေါ်) ပျိုးပင်စိုက်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်းသိရှိရပါသည်။

    ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်စိုက်တောင်သူ(၁၅)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၂၀)ဧကနီးပါးရှိကြောင်း၊ မိမိအနေဖြင့် ဆောင်းကြက်သွန်နီ(၂)ဧကစိုက်ပျိုးထားကြောင်း၊ မြေ အောက်ရေကိုအသုံးပြု၍ ပိုက်ရေဖြန်းစနစ်ဖြင့်စိုက်ပျိုးကြောင်း၊ မျိုးကို တောင်သူအချင်းချင်းတို့သည် မျိုး(၁) ပြည်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့်ဝယ်ယူကြောင်း၊ ယခင်နှစ်တွင် မျိုး (၁)ပြည်လျှင် ကျပ်(၄၅၀၀၀ မှ ၅၀၀၀၀)ဖြင့်ဝယ်ယူခဲ့ရကြောင်း၊ (၁)ဧကလျှင် မျိုး(၁)ပြည်ခွဲမှ (၂)ပြည်ခွဲအထိအသုံးပြုရကြောင်း၊ မျိုးစေ့ကို ပျိုးပင်အဖြစ်ပျိုးထောင်ကာ ပျိုးပင်(၄၅)ရက်သားတွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး တပေါင်းလပြည့်ကျော်တွင် တူးဖော်ပါကြောင်း၊ ယခင်နှစ်တွင် (၁)ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀)ခန့်ရှိသော်လည်း ယခုနှစ်တွင် စက်သုံးဆီစရိတ်မြင့်တက်လာမှု၊ လုပ်အားခကြီးမြင့်မှုနှင့် အခြားသွင်းအားစရိတ်များမြင့်မားလာမှုကြောင့် (၁) ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၅)သိန်းမှ သိန်း(၄၀)ကြားကုန်ကျကြောင်း၊ အထွက်နှုန်းမှာ ယခင်နှစ်တွင် ဆောင်းကြက်သွန်နီ စိုက်ခင်း(၁)ဧကလျှင် ပိဿာချိန် (၅၅၀၀)နီးပါးထွက်ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်အထွက်နှုန်းအတိုင်း ထွက်ရှိရန်မျှော်လင့်ကြောင်း၊ ထွက်ရှိသောကြက်သွန်နီများကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်တွင် ဆောင်းကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀)ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှုစရိတ်မှာ ယခင်နှစ်ကထက်ပိုမိုကုန်ကျသောကြောင့် ဆောင်းကြက်သွန်နီထွက်ရှိချိန်၌ (၁)ပိဿာလျှင် ကျပ် (၂၀၀၀မှ ၃၀၀၀)ကြားရရှိမည်ဆိုပါက တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ ဆောင်းကြက်သွန်စိုက်တောင်သူ ဦးတင်ဇော်ဌေးထံမှသိရှိရပါသည်။

DOCA(မကွေး)