မုန်လာဥဖြူနှင့်ကျန်းမာရေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်း-ဆင်ဖြူကျွန်းမြို့နယ်များတွင် ချောင်းရေ၊ မုန်းရေများရေဖြတ်ချိန် ကမ်းပါးဘေးတစ်ဖက်တစ်ချက်တွင် ယခုကဲ့သို့ ဆောင်းရာသီကာလ၌ မုန်လာဥဖြူ၊ ပန်းမုန်လာ၊ မုန်ညှင်း၊ ပန်းဂေါ်ဖီစိမ်းများကို တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မုန်လာဥဖြူကို စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း၊ အောက်တိုဘာလကုန်တွင် စတင်တူးဖော်ပြီး ဒီဇင်ဘာလတွင် အကုန်တူးဖော်နေပြီဖြစ်ကြောင်း၊ မုန်လာဥဖြူစတင်ပေါ်ကာစအချိန်အစောပိုင်းတွင် (၃)ဥပါတစ်စည်းလျှင် ကျပ်(၅၀၀)နှုန်းဖြင့်ရောင်းချရပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်  (၃)ဥပါတစ်စည်းလျှင် ကျပ်(၂၀၀)ဖြင့်ရောင်းချရကြောင်း သိမ်ကုန်းကျေးရွာနေ တောင်သူတစ်ဦးထံမှသိရှိရပါသည်။

      မုန်လာဥဖြူတွင် အာဟာရဓာတ်များအနေဖြင့် ပိုတက်ဆီယမ်ဖော့လိတ်၊ Riboflavin (ဘီတာ မင်ဘီညွှန်ပေါင်းအုပ်စု)၊ ဘီတာမင် ဘီ-6၊ ဘီတာမင်-K၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကောပါး၊ မဂ္ဂနီဆိုဒီယမ်တို့ပါဝင်ပါသည်။

      ကျန်းမာရေးအနေဖြင့်လည်း မုန်လာဥဖြူကိုစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်မှုနည်းပါးခြင်း၊ မုန်လာဥဖြူတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် ကင်ဆာဖြစ်စေနိုင်သည့်အရာများကို တိုက်ထုတ်ပေးခြင်းကြောင့် ခန္ဓာကိုယ်မှကင်ဆာကျိတ်များဖြစ်စေနိုင်မှုနည်းပါစေခြင်းနှင့် မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်တက်သူများနှင့် အစာအိမ်သမားများ များစွာစားသုံးသင့်ပါသည်။ ၎င်းမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့်အပြင် သွေးတွင်းကိုလစ်စတောကိုလည်းကျဆင်းစေနိုင်ပါသည်။ သွေးပေါင်ချိန်ကိုမှန်စေပြီး ကျောက်ကပ်ကိုလည်းကျန်းမာစေပါသည်။ ဝမ်းမှန်စေပြီး ကိုယ်အလေးချိန်ကျစေပါသည်။ အသားအရေစိုပြေလှပစေပြီး အရွယ်တင်နုပျိုစေပါသည်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ကြောင့် ခါးနာခါးကိုက်ခြင်း၊ နုံးချိအော့အန်ခြင်းများဖြစ်ပါက မုန်လာဥဖြူတစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းငယ်ထည့်၍ကြိတ်ချေပြီး အဖတ်များကိုစစ်ထုတ်ကာ အရည်ကိုသောက်ပါက ကျောက်ကပ်ကြောင့်ဖြစ်သော ခါးနာခါးကိုက်များကိုသက်သာစေပါသည်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါသည်။ မုန်လာဥဖြူက မှိုပိုးများကိုဖယ်ရှားပေးနိုင်စွမ်းရှိ၍ ခံတွင်းနှင့်ခန္ဓာကိုယ်၌ဖြစ်တက်သည့် မှိုရောဂါများ၊ ပါးစပ်နာနှင့် လျှာနာရောဂါများကိုကာကွယ်ပေးပါသည်။

       မုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်းစားသုံးကြပါသည်။ မုန်လာဥကိုပြုတ်၍ အတို့အဖြစ်စားသုံးကြသည့်အပြင် မုန်လာချဉ်ထည့်၍လည်း စားသုံးကြပါသည်။ မုန်လာဥများလှိုင်လှိုင်ပေါ်ချိန်တွင် မုန်လာဥကို မိမိနှစ်သက်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်းပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဥများခြောက်သွားသောအခါ လေလုံအောင်သိမ်းဆည်း၍ မုန်လာဥခြောက်ပြုလုပ်၍လည်းစားသုံးနိုင်ပါသည်။ မုန်လာဥဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဥအော်ကွေ့ကြည် လုပ်၍စားသုံးနိုင်ပါသည်။

    ထို့ကြောင့် မုန်လာဥစားသုံးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းများကိုကာကွယ်ပေးယုံသာမက ကျန်းမာလှပစေရန်အတွက် မုန်လာဥဖြူကိုစားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)