ရွှေတောင်မြို့နယ်ဒေသထွက် ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ ဇယ်မအုပ်စု၊ ဘို့လည်ကုန်းရွာရှိ တောင်သူဦးအေးဝင်း၏ ပန်းဂေါ်ဖီစိုက်ခင်းသို့သွားရောက်၍ကွင်းဆင်းမေးမြန်းခဲ့ပါသည်။ ပန်းဂေါ်ဖီကို အစိုဓာတ်ရှိသော မေလတွင်စိုက်ပျိုးကြပြီး ပန်းဂေါ်ဖီစိုက်ပျိုးရန် ပျိုးပေါင်ကို မြေစိုင်ခဲလေးများရလာအောင်ပြုပြင်ပေးမှသာ လေဝင်လေထွက်ကောင်း၍ အညှောင့်ပေါက်အားကောင်းလာမည်ဖြစ်ပါသည်။ ပန်းဂေါ်ဖီပင်စိုက်ပျိုးရာတွင် ပျိုးပေါင်ကို (၂)လက်မခြားမြောင်းများတူးပြီးမှ မျိုးစေ့ကို ညီညာအောင်ချရပါသည်။ ထို့နောက် မျိုးစေ့ပေါ်တွင် မြေဆွေးမှုန့်ပါးပါးအုပ်ပြီး ၎င်းအပေါ်မှ သန့်စင်ပြီးသောကောက်ရိုးခြောက်များကို ပါးလွှာအောင်ဖုံးအုပ်၍ ရေရွဲရွဲလောင်းပေးရပါသည်။ မျိုးစေ့ချပြီး (၃/၄)ရက်အကြာတွင် အညှောင့်ပေါက်ပါသည်။ ပျိုးသက် (၄၅)ရက်ပြည့်မှ စိုက်ခင်းသို့ပြောင်းရွှေ့၍ စိုက်ပျိုးရပါသည်။ စိုက်ခင်းသို့ပြောင်း၍ စိုက်ပျိုးရာတွင် ညနေ(၃)နာရီနောက်ပိုင်းတွင် ပြောင်းရွေ့စိုက်ပျိုးသင့်ပြီး မြေဩဇာကို စုစုပေါင်း (၃)ကြိမ်ကျွေးရပါသည်။ ရေကို တစ်ပတ်(သို့) နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရပါသည်။ အပွင့်၏အချင်းမှာ (၂/၃)လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းပေးရပါသည်။ (၂)လခွဲကြာလျှင် ပန်းပွင့်ကိုခုတ်ယူ၍ ရောင်းချရပါသည်။ ပန်းဂေါ်ဖီကို တစ်နေ့လျှင် အပွင့်၁၀၀အနည်းဆုံးခုတ်ယူရကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် စိုက်ခင်းတွင် အခင်းပြတ် အပွင့်အကြီးအသေးသောင်းပြောင်းတစ်ပွင့်လျှင် ၈၀၀ကျပ်ဖြင့် လာရောက်ဝယ်ယူကြပါသည်။ ဈေးများတွင် လက်လီဈေးမှာ အပွင့်အကြီးတစ်ပွင့်လျှင် ၁၀၀၀ကျပ်၊ အသေးတစ်ပွင့်လျှင် ၇၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ဈေးကောင်းများရရှိသောကြောင့် အကျိုးအမြတ်များများရရှိကြောင်းလည်းသိရပါသည်။

DOCA(ပဲခူး)