ရွှေတောင်ဘူးသီးလှိုင်လှိုင်ထွက်ပေါ်

Powered by Drupal

        ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁.၁၂.၂၀၂၃) ရက်နေ့တွင် ဝါးတောအုပ်စု၊ ဝါးလည်ကျေးရွာရှိ တောင်သူ ဦးရဲမင်းထွဋ် စိုက်ပျိုးထားသော ဘူးသီး(မလက်တို)မျိုး စိုက်ခင်းအား သွားရောက်လေ့လာခဲ့ပါသည်။

       ရွှေတောင်မြို့နယ်အနေဖြင့် ဘူးစင်ပေါင်း(၂၀)ရှိပြီး စိုက်ပျိုးသူတောင်သူ(၂၀)ဦးမှ စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ အဆိုပါတောင်သူသည် ဘူးပင်များကို တော်သလင်း လလယ် ပိုင်း တွင်စိုက်ပျိုးခဲ့ပြီး နတ်တော်လကုန်ပိုင်းတွင်စတင်ထွက်ရှိကြောင်းသိရပါသည်။ ဘူးပင်ကျင်းပေါင်း (၁၀၀)စိုက်ပျိုးထားပြီး ကုန်ကျစရိတ်အနေဖြင့် ဘူးစင်အပါအဝင် ကျပ် (၂)သိန်းခန့်ကုန်ကျကြောင်း သိရပါသည်။ ဘူးသီးများထွက်ပေါ်ချိန်တွင် ဘူးသီးခူးရာတွင် ၃ရက်လျှင်တစ်ကြိမ်၊ တစ်လလျှင် (၁၀)ကြိမ်၊ အနည်းဆုံး(၂)လခူးဆွတ်ရပါသည်။ တစ်ခါခူးဆွတ်လျှင် အလုံးရေ(၈၀)မှ (၁၀၀)ကြား ရရှိပြီး ရောင်းဈေးအနေဖြင့် ဘူးသီးတစ်လုံးလျှင် ခြံဈေး ၅၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရပါသည်။ ဘူးပင်ကျင်းပေါင်း(၁၀၀)တွင် ဘူးသီးစု စုပေါင်းအလုံးရေ ၁၆၀၀လုံး အနည်းဆုံး ခူးဆွတ်ရရှိ၍  ဝင်ငွေ အနေဖြင့် (၂၀၀၀၀၀) ကျပ်ရရှိကြောင်း သိရပါသည်။ ထွက်ရှိလာသောဘူးသီးများကို အနီးအနား ရှိမြို့များနှင့် ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်သို့လည်း ရောင်းချကြောင်းသိရှိရပါသည်။

          ထိုကြောင့် ဘူးပင်စိုက်ပျိုးသူများအနေဖြင့်လည်း ဘူးသီးအထွက်နှုန်း ကောင်းရင်ကောင်းသလို အကျိုးအမြတ်များစွာရရှိနိုင်ပြီး ကုန်ကျစရိတ်လည်းမများ၍ စိုက်ပျိုး သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)