မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မုန့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌   (၂၇-၁၂-၂၀၂၃) ရက်နေ့တွင် မုန့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက် (၈) ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန်ကို ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကျောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         အဆိုပါဟောပြောဆွေနွေးပွဲသို့ မုန့်လုပ်ငန်းရှင်စုစုပေါင်း (၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)