ဘုရားပေးသောမြေနှင့် နန့်ရင်းစားတော်ပဲ(ခေါ်)ပဲချိုချို

Powered by Drupal

         ဆောင်းရာသီအစားအစာများတွင် ပဲချိုချိုသည် လူကြိုက်များလှသည်။ ဒေသအခေါ် ပဲချိုချို သည် စားတော်ပဲပင်ဖြစ်သည်။ သို့သေ်ာ အဆိုပါ စားတော်ပဲသည် အလုံးကြီး၊ အသားနူးညံ့ပျေ့ပျောင်းကာ အစိမ်းရင့်ရောင်ရှိပြီး ချိုဆိမ့်သည်။ အထက်ပါ အရသာထူးခြားသည့် စားတော်ပဲကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် နန့်ရင်းချောင်းဒေသတစ်ဝိုက်တွင်သာ စိုက်ပျိုးဖြစ်ထွန်းသောကြောင့် ဘုရားပေးသောမြေနှင့် နန့်ရင်းစားတော်ပဲဟု တင်စားခေါ်ဝေါ်ကြသည်။

          နန့်ရင်းစားတော်ပဲမျိုးကို ကသာခရိုင် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် စိုက်ပျိုးကြသော်လည်း အသီးဖြစ်ထွန်းမှုအားနည်းပြီး သာမန်စားတော်ပဲမျိုးပုံစံဖြစ်သွားသည်ဟု သိရသည်။ နှစ်စဉ် ဇန်နဝါရီလတွင် စားတော်ပဲ စတင်ခူးဆွတ်ကြပြီး စားတော်ပဲနုများကိုခြွေကာ နို့ဆီဘူးဖြင့် ချင့်ရောင်းကြ သည်။ ရောင်းချသူများက ပဲချိုချိုဟု ပြောရောင်းကြပြီး စားသုံးသူများကလည်း နှစ်ခြိုက်စွာဝယ်ယူ စားသုံးကြသည်။ ပဲချိုချိုအမှန်သည် နန့်ရင်းဒေသထွက် စားတော်ပဲဖြစ်ကြောင်း လူသိနည်းလှသည်။ နန့်ရင်းစားတော်ပဲ နို့ဆီဘူးတစ်ဘူး (၇၀၀)ကျပ် ရောင်းချလျှင် ရိုးရိုးစားတော်ပဲအစိမ်းသည်လည်း (၇၀၀)ကျပ်ဖြင့် ရောင်းချကြသည်။ စားသုံးသူများအနေဖြင့် ဈေးကွက်တွင် တွေ့ရှိရသော စားတော်ပဲစိမ်းများသည် ရိုးရိုးစားတော်ပဲနှင့် နန့်ရင်းစားတော်ပဲဟူ၍ နှစ်မျိုးရှိသော်လည်း နန့်ရင်းစားတော်ပဲသည်သာလျှင် ပဲချိုချိုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး