မိတ္ထီလာခရိုင်၌ မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

   မိတ္ထီလာခရိုင်အတွင်း၌  နွေရာသီ၊ မိုးရာသီနှစ်မျိုးလုံး၌ စိုက်ပျိုးသည့်စပါးမျိုးများမှာ မနောသုခနှင့် ဧရာပဒေသာစပါးမျိုးများတို့ဖြစ်ကြပါသည်။ မိတ္ထီလာခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၁၁၄၂၅၇)ဧကရှိကြောင်း၊ မိုးစပါးကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင် ရိတ်သိမ်းကြပါသည်။ ယခုဒီဇင်ဘာလတွင် မိုးစပါးများလှိုင်လှိုင်ပေါ်နေပြီး စပါးဈေးမှာလည်း ယခင်နှစ်ဈေးထက် မြင့်တက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ မနောသုခ (ဟောင်း)တင်း၁၀၀လျှင် (၂၈၀၀၀၀၀)ကျပ်၊ ဧရာပဒေသာစပါး(ဟောင်း)တင်း၁၀၀လျှင်(၃၈၀၀၀၀၀ ) ကျပ်၊ မနောသုခ မိုးစပါး(သစ်)တင်း၁၀၀လျှင် (၂၂၀၀၀၀၀)ကျပ်၊ ဧရာပဒေသာ မိုးစပါး (သစ်)တင်း၁၀၀လျှင် (၃၀၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလ မိုးစပါးပေါ်ချိန်တွင် မနောသုခ မိုးစပါး(သစ်)တင်း၁၀၀လျှင် (၁၂၀၀၀၀၀)ကျပ်၊ ဧရာပဒေသာ မိုးစပါး (သစ်)တင်း၁၀၀လျှင် (၁၉၀၀၀၀၀)ကျပ်ခန့်သာရှိခဲ့ကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါးဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပြီး စပါးဈေးနှုန်းမြှင့်တက်သော်လည်း သွင်းအားစုနှင့် လုပ်သားခများမှာ ယခင်နှစ်ထက်မြင့်မားလာခြင်း၊ ယခုနှစ်တွင် စပါးခင်းများပိုးကျ၍ အထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်အနည်းငယ်သာရှိကြောင်း စပါးစိုက်ပျိုးသည့်တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)