မိတ္ထီလာခရိုင်၌ ယခင်နှစ်ထက် ပဲစဉ်းငုံဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

    မိတ္ထီလာခရိုင်အတွင်း၌ ပဲမျိုးစုံစိုက်ပျိုးကြသည့်အနက် ပဲစဉ်းငုံမှာ ပြည်ပပို့ကုန်သီးနှံဖြစ်သည့်အတွက် အဓိကထားစိုက်ပျိုးကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံစိုက်ဧက(၉၆၇၄၀)ဧကရှိကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပဲစဉ်းငုံသီးနှံစတင်ပေါ်လာပြီး ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံမှာ မိုးသီးနှံဖြစ်၍ ဇွန်လတွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင် ရိတ်သိမ်းကြပါသည်။ ပဲစဉ်းငုံကို ပြည်တွင်း၌ ပဲဟင်း၊ ပဲကြော်၊ ပဲသီးစိမ်းပြုတ်၍ စားသုံးကြသော်လည်း အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက်သာ အဓိကစိုက်ပျိုးကြပါသည်။

      ဈေးကွက်တွင် ပဲစဉ်းငုံ (၂၀) ပိဿာဝင်တစ်တင်းလျှင် (၁၀၄၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ပဲစဉ်းငုံပေါ်ချိန်တွင် ပဲစဉ်းငုံ(၂၀) ပိဿာဝင်တစ်တင်းလျှင် (၅၀၀၀၀) ကျပ်သာရှိခဲ့ပြီး ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်လျှင် ပဲစဉ်းငုံပေါ်ချိန်၌ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ အဓိကတင်ပို့လျက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)