တောင်လှေကားရဲ့ထောပတ်သီး

Powered by Drupal

            တောင်လှေကားမြို့ (ခေါ်) ပြင်ဦးလွင်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်ပြီး မန္တလေးမြို့ နှင့်(၄၂)မိုင်ခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၃၅၃၈)တွင် တည်ရှိသောတောင်ပေါ် မြို့လေးဖြစ်ပါသည်။ ရာသီဥတုအနေဖြင့် တစ်နှစ်ပတ်လုံးအေးမြလျက်ရှိပြီး မြို့နယ်အတွင်းရှိ နေထိုင်သူအများစုမှာ ရာသီအလိုက် ဟင်းသီးဟင်းရွက် သစ်သီးဝလံ၊ ပန်းမာန်လ်များနှင့် နှစ်ရှည် သီးနှံပင်များဖြစ်သည့် ကော်ဖီ၊ မက်မန်း၊ ထောပတ် စသည့်သီးနှံပင်များအား အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ထောပတ်သီးနှံအား ဒေသမျိုးဖြစ်သည့် မြောက်ကျွန်းသူ (၁) ၊ မြောက်ကျွန်းသူ(၂)နှင့် အစေ့မဲမျိုးများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်သီးနှံစိုက်ဧက (၁၉၅)ဧက စိုက်ပျိုးထားရှိပြီး စတင်စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်ကြား (၂၅’×၂၅’)ပတ်လည်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် ထောပတ်ပျိုးပင်(၈၀)ခန့် စိုက်ပျိုးနိုင်ပြီးအစေ့ပျိုးပင်စိုက်ပျိုးရာတွင် တစ်ပင်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုး၍ (၅)နှစ်ခန့်ကြာလျှင် အသီးများစတင်ခူးဆွတ်နိုင်ပြီး ကိုင်းကူးပျိုးပင်များကို တစ်ပင်လျှင်(၃၅၀၀)ကျပ် စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုး၍ (၃)နှစ်ခန့်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ ကုန်ကျစရိတ်အနေဖြင့် ထောပတ်သီးနှံ တစ်ဧကလျှင် (၄၀)သိန်းခန့် ကုန်ကျကြောင်းသိရှိရပြီး  နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလအထိ ထောပတ်သီးများ ခူးဆွတ်နိုင်ပါသည်။ တစ်ပင်လျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၆၇)လုံးခန့်ထွက်ရှိပြီး တစ်ဧကလျှင် (၅၃၆၀)လုံးခန့် ထွက်ရှိပြီး သက်တမ်းကြာလာသည်နှင့်အမျှ အသီးထွက်နှုန်းများ ပိုမိုထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အနေဖြင့် ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သောခရီးသွား ဧည့်သည်များနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချပါသည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ လျော့နည်းလာသည့်အတွက် ခရီးသွားဧည့်သည်များ ပြန်လည်ဝင် ရောက်လျက် ရှိသောကြောင့် ထောပတ်သီးရောင်းချမှုအနေဖြင့် အရောင်းအဝယ် သွက်လျက်ရှိပါသည်။ စျေးနှုန်းအနေဖြင့် အသီးအရွယ်အစား ပေါ်မူတည်ပြီး(၂၀၀-၅၀၀)ကျပ်ရရှိပါသည်။ ပြင်ဦးလွင်မြို့ရှိ ထောပတ်သီးနှံစိုက်ပျိုးသူများမှ စုပေါင်းပြီး ပြင်ဦးလွင်မြို့နယ်၊ နောင်ချိုမြို့အစပ်ရှိ ဘန့်ဘွေးကျင်းအုပ်စု၊ ဘန့်ဘွေးကျင်းရေတံခွန်သွားလမ်း ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်တွင် မြေဧရိယာအကျယ်အဝန်း (၃၀၀)ဧကပေါ်၌  စည်းလုံးခြင်းထောပတ်စိုက်ပျိုးရေးဇုံ  ( UNITY  AVOCADO  ZONE ) တည်ထောင်ပြီး နိုင်ငံခြားထောပတ်သီးနှံမျိုးဖြစ်သည့် Hass , Pinkertan မျိုးများအား နိုင်ငံခြားမှ မှာယူတင်သွင်း စိုက်ပျိုးထားပါသည် ။ ယခုလက်ရှိတွင် ဧက(၂၀၀)စိုက်ပျိုးထား၍ ဧက(၄၀)ခန့်မှာ ထောပတ်သီးများ စတင်ခူးဆွတ်လျက်ရှိပြီး  တစ်ပင်လျှင်အလုံး (၈၀)ခန့် စတင်ထွက်ရှိနေပါသည် ။ စျေးကွက်အနေဖြင့် ပြည်တွင်း၌သာ  ရောင်းဝယ်လျက်ရှိပြီးနိုင်ငံခြားသို့  တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် အသီးအရွယ်အစားပေါ်မူတည်ပြီး တစ်ကီလိုလျှင် (၅)လုံးဆိုဒ်အား(၈၀၀၀)ကျပ်၊ (၇)လုံးဆိုဒ်အား(၇၀၀၀)ကျပ်၊ (၁၀)လုံးဆိုဒ်အား(၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ထောပတ်သီးစိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး