ပြည်မြို့ရှိ ရွှေပဲသီးဈေးကွက်အခြေအနေ

Powered by Drupal

     ရွှေပဲသီးမှာ အရင်းအနှီးအနည်းငယ်ဖြင့် စိုက်ပျိုး၍ရရှိသည့်အသီးအနှံတစ်မျိုးဖြစ်ပြီး ဆောင်းသီးနှံဖြစ်သည့်အတွက် ဆောင်းတွင်းကာလများတွင် ၎င်းကိုစိုက်ပျိုးကြပါသည်။ ရွှေပဲသီးပင် များကို ယခင်နှစ်များတွင် ကြဲပက်စနစ်ဖြင့်စိုက်ပျိုးခဲ့ကြပြီး ဧကဝက်စိုက်ပျိုးလျှင် (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရရှိပြီး တစ်ကြိမ်ခူးဆွတ်လျှင် အချိန်(၂၀)ပိဿာရရှိပါသည်။

      ယခုအချိန်အခါတွင်မူ ရွှေပဲသီးများကို လူကြိုက်များလာသည့်အတွက် စနစ်တကျ အစေ့ချစိုက်ပျိုးစနစ်ဖြင့်  စိုက်ပျိုးလာကြပြီး တစ်ပတ်အကြာ၌ အပင်ပေါက်စတင်ထွက်ပေါ်လာပြီး မြေစိုက်ဝါးကပ်များထောင်ပေးထားရပါသည်။ တစ်လခွဲအကြာတွင် အပွင့်များပွင့်လာပြီးနောက် နှစ်လခန့်အကြာတွင် အသီးများမှာ ဈေးကွက်အတွင်းရောင်းချသည့် အနေအထားဖြစ်လာပါသည်။ ဒီဇင်ဘာလအတွင်း ရွှေပဲသီးတောင့်များကို စတင်ရောင်းချပြီးနောက် ဧပြီလနှင့်မေလတို့တွင် အသီးများရင့်မှည့်လာသည့်အတွက် အစေ့များကိုအခွံခွာပြီး၍လည်း ရောင်းချနိုင်ပါသည်။

   ရွှေပဲသီးနှံများကို  အညာဒေသများတွင် ဧကအများအပြားဖြင့် စီးပွားဖြစ်စိုက်ပျိုးကြသကဲ့သို့ ကျေးလက်ဒေသများတွင်လည်း တစ်နိုင်တစ်ပိုင်အဖြစ် မိမိတို့နေအိမ်ခြံဝန်းအတွင်းရှိ မြေကွက်လပ်များ၌ စိုက်ပျိုးခြင်း၊ လယ်မြေများအတွင်း သီးညှပ်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးကြပါသည်။

     ရွှေပဲသီး၏အရသာမှာချိုပြီး စိမ့်သောအရသာရှိသည့်အတွက် အရန်ဟင်းတစ်ခွက်အဖြစ် ကြော်လှော်/ချက်ပြုတ်စားသောက်ရာတွင် ကုန်ကျစရိတ်နည်းပြီး အရသာရှိသည့် ဟင်းတစ်ခွက်ဖြစ်ပါသည်။

      ပြည်ဈေးကွက်အတွင်း ရွှေပဲသီးအတောင့်များကို အလေးချိန်ဖြင့်ရောင်းချရာတွင် ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြင့်ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)