ဝင်ငွေတိုးပြီး ကျန်းမာရေးအတွက် ကောင်းမွန်သည့် ဒန့်သလွန်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း၌ ဟင်းသီးဟင်းရွက်များကို အများအပြားစိုက်ပျိုးကြသော်လည်း ရပ်ကွက်၊ ကျေးရွာများတွင်နေထိုင်ကြသော တောင်သူများသည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအရ ကောင်းမွန်သောအပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်ကို စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

      ဒန့်သလွန်ပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ၎င်းမှာ မည်သည့်မြေအမျိုးအစားမဆို ရှင်သန်ကြီးထွားသည့်အပင်မျိုးဖြစ်သည်။ ဒန့်သလွန်ပင်ကို အစေ့ချစိုက်ပျိုး၍ရသည့်အပြင် ကိုင်းဖြတ်၍လည်းစိုက်ပျိုးနိုင်ပါသည်။ ကိုင်းဖြတ်စိုက်ပျိုးလျှင် (၂)နှစ်သားအတွင်း အသီးသီးပါသည်။ (၆)လနှင့်သီးသော ဒန့်သလွန်မျိုးများကိုလည်း စိုက်ပျိုးလာကြကြောင်းသိရပါသည်။ အပင်တစ်ပင်တွင် အသီးအတောင့်ရေ (၇၀၀)‌တောင်ခန့်အထိသီးကြောင်းသိရပါသည်။ ဈေးကွက်အတွင်း၌ ဒန့်သလွန်သီး (၁၀)သီးတောင့်ပါ တစ်စည်းလျှင် (၂၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး  စိုက်ပျိုးမှုများသော ဒန့်သလွန်ခြံများတွင် ခြံပိုင်ရှင်များသည် ဒန့်သလွန်သီးများကို ဖောက်သည်ဈေးပေးသည့်အခါ အသီးတောင့် (၁၀၀)လျှင် (၁၅၀၀-၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။ ဒန့်သလွန်ပင်မှာ ဆေးဖက်ဝင်အပင်မျိုးနွယ်ဖြစ်ပြီး တစ်ပင်လုံးအသုံးဝင်ပါသည်။ ဒန့်သလွန်အရွက်ကို ဟင်းချိုချက်၍ စားသောက်နိုင်ပြီး အပွင့်/အဖူးများကိုလည်း ရေနွေးဖျော၍ သုပ်စားနိုင်ပါသည်။ သီးစုံကုလားပဲဟင်းနှင့် အချဉ်ရည်ဟင်းများတွင်လည်း ဒန့်သလွန်အသီးမှာ မပါမဖြစ်သောအသီးများဖြစ်ပါသည်။ ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများ အနေဖြင့် အရေးပေါ်သွေးကျဆေးမရှိပါက ဒန့်သလွန်အစေ့ကိုဝါးစား၍ သွေးတိုးရောဂါကိုထိန်းညှိပေးပါသည်။ ဒန့်သလွန်ပင်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးစေသည့်အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်သောသီးနှံဖြစ်သည့်အတွက် ဒန့်သလွန်ပင်များကို အိမ်တိုင်းတွင်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)