ညောင်ဦးမြို့နယ်ရှိ စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) သည် (၈-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ညောင်ဦးမြို့နယ်ရှိ မဏီစည်သူဈေး၊ ဘုန်းဇင်ဈေးနှင့် ပုဂံမြို့သစ်ဈေးအတွင်း/အပြင်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍လည်းကောင်း၊ ညနေ (၁၇:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့၊ အောင်မြေသာရပ်ကွက်ရှိ BT Restaurant တွင် ညောင်ဦးခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့်လည်းကောင်း တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုသိရှိလိုက်နာမှုရှိစေရေး၊ နိုင်ငံတော်မှ စားသုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးနေသောစားအုန်းဆီများကို သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချစေရေး၊ ရရှိလာသော စားအုန်းဆီခွဲတမ်းများကို တိတိကျကျမှန်မှန်ကန်ကန်ပြန်လည်ရောင်းချစေရေးနှင့် အလေးချိန်၊ အချင်အတွယ်၊ အရည်အသွေးပြည့်မီစွာရောင်းချစေရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ဦးသန်းစိုး(ဦးစီးအရာရှိ)က လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် သက်ဆိုင်ရာဌာနအသီးသီး၏ ဥပဒေပါပြဋ္ဌာန်းချက်များကို တိတိကျကျလိုက်နာဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအနက် စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေသိရှိလိုက်နာကြရမည့်အချက်များကို မိမိအနေဖြင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုများတွင် မကြာခဏပြောကြားနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် သိရှိမှတ်သားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အချက်အလက်များ၊ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍လည်း သိရှိလိုသည်များရှိပါက ဆွေးနွေးနိုင်ကြောင်း၊ ရုံးချိန်များအတွင်းမှာလည်း လာရောက်တွေ့ဆုံမေးမြန်းဆွေးနွေးနိုင်ကြောင်း၊ သက်ဆိုင်ရာဌာန၊ အစိုးရအဖွဲ့အစည်းများမှ စားသုံးရန် (သို့မဟုတ်) အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်များကိုရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် မိမိတို့ဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်းကာ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ဈေးကွက်များနှင့်လုပ်ငန်းခွင်များသို့သွားရောက်၍ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများလည်းဆောင်ရွက်လျက်ရှိကြောင်း စားအုန်းဆီများကို ပြန်လည်ရောင်းချရာတွင်လည်း စားသုံးသူများအပေါ် စိတ်စေတနာထား၍ မှန်မှန်ကန်ကန်ရောင်းချရန်လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)