ချောင်းဆုံမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ(ဆီထွက်သီးနှံ)လျာထားစိုက်ဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်း

Powered by Drupal

    ၁၈.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး ရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများသည် သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာ စိုက်ဧက (၃၂၇၂) ဧက၊ မြေပဲ (၁၁၉) ဧကနှင့် နှမ်း (၂၅) ဧက စုစုပေါင်းဆောင်းသီးနှံ (၃၄၁၆) ဧကကို လျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

 ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအလိုက် လျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် တောင်သူများ မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်စိုက်ပျိုးတတ်ရန်၊ ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစု သဘာဝမြေဩဇာ သုံးစွဲရေးနည်းလမ်းများနှင့် ပိုးမွှားများအန္တရာယ် ကျရောက်မှုမှ ကာကွယ်နိုင်ဖို့အတွက် စိုက်ပျိုးရေးဝန်ထမ်းများမှ ကွင်းဆင်းပြီး အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

    ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနေကြာ (၃၁၇၀) ဧက၊ မြေပဲ (၉၅)ဧက၊ နှမ်း (၁၁) ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများ သတ်မှတ်ဧကထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတတိယပတ်မှ စတင်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ ဓာတ်မြေဩဇာများဖြန့်ဝေပေးခြင်းများနှင့် တောင်သူများ လိုအပ်သည့် အထောက်အပံ့များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မွန်)