ပြည်ခရိုင်တွင် ဆောင်းနေကြာများစိုက်ပျိုးပြီးဖြစ်

Powered by Drupal

    ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံဖြစ်သော နေကြာကို မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂) ရာသီတွင် စိုက်ပျိုးကြပါသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းတို့ကိုစိုက်ပျိုးကြသည့်အပြင် နေကြာသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ နေကြာကို သီးသန့်စိုက်ပျိုးကြသည့်အပြင် သီးညှပ်အနေဖြင့်လည်းစိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးနေကြာစိုက်ဧကမှာ ၂၈၆ဧကဖြစ်ပြီး ၂၇၉ဧကရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကအထွက်တင်းမှာ ၁၈တင်းခန့်ထွက်ရှိသည်ဟုသိရပါသည်။ ဆောင်းနေကြာကို ၉၅၇ဧကစိုက်ပျိုးထားရှိကြောင်းသိရပြီး ပြည်မြို့တွင် ၂၀၉ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၂၄ဧက၊ ပန်းတောင်းမြို့နယ်တွင် ၂၁၉ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၃၀၅ဧကစိုက်ပျိုးထားရှိပါသည်။

    နေကြာသီးနှံကို ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာတစ်တင်းလျှင် နေကြာဆီ (၃)ပိဿာခန့်ထွက်ရှိပြီး နေကြာကြိတ်ဖတ် (၅)ပိဿာခန့်ထွက်ရှိကြောင်းသိရပါသည်။ နေကြာဆီတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချကြောင်းသိရပါသည်။ နေကြာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရာသီဥတု၊ ရေ၊ မြေသဘာဝနှင့်အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ယခင်နှစ်တွင်ထွက်ရှိခဲ့သော နေကြာစေ့များကို နီးစပ်ရာပွဲရုံများနှင့် ဆီစက်များတွင်ရောင်းချခဲ့ပြီး တစ်တင်းလျှင် ၂၅၀၀၀ကျပ်ခန့်ဈေးနှုန်းရရှိကြောင်းသိရပါသည်။ နေကြာဆီမှာ မြေပဲဆီ၊ နှမ်းဆီတို့ထက် ဈေးနှုန်းမြင့်သဖြင့် ငွေကြေးတက်နိုင်သူနှင့် ကျန်းမာရေးလိုက်စားသူများက ဝယ်ယူစားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)