ပန်းတောင်းမြို့နယ်၊ ဖောင်းကံရွာရှိ မြေအိုးလုပ်ငန်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်အတွင်း၌ အိုးလုပ်ငန်းလုပ်ကိုင်သော ဖောင်းကံရွာလေးတည်ရှိပါသည်။ ထိုဖောင်းကံရွာလေးသည် အိုးလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လျက်ရှိသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါသည်။ ထိုရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူ (၅၀)ဦးထက်မနည်းရှိပြီး ယင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ ထိုအိုးလုပ်ငန်းကို အောက်တိုဘာလမှစ၍ ဧပြီလအထိလုပ်ကိုင်ကြပြီး မေလမှ စက်တင်ဘာလအထိ (၅)လကြာအချိန်တွင် အလုပ်နားချိန်ဖြစ်ကာ ထိုအချိန်တွင် ကုန်ကြမ်းပစ္စည်းများဖြစ်သော မြေကြီး၊ ဖွဲ၊ ထင်းများကို စုဆောင်းထားရှိကြောင်းသိရပါသည်။ မိုးလကုန်၍ အောက်တိုဘာလတွင် အိုးများကိုဖုတ်ရန် လုပ်ငန်းခွင်သို့ဝင်ကြရပါသည်။ အိုးဖုတ်ရန် အိုးဖိုတစ်ဖိုလျှင် အလုပ်သမား (၆)ဦးခန့်လိုအပ်ပြီး အိုးအလုံးပေါင်း သောင်းပြောင်းတစ်ထောင်ခန့်ဖုတ်ရ၍ အရင်းအနှီးအနေဖြင့် တစ်ဖိုလျှင် (၃၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး အမြတ်အစွန်းအနေဖြင့် (၁၅၀၀၀၀)ကျပ်ခန့်ရရှိသဖြင့် ထက်ဝက်ခန့်အကျိုးအမြတ်ရရှိကြောင်းသိရပါသည်။ အိုးစိမ်းဝယ်ဖုတ်သူများအနေဖြင့် တစ်ဖိုလျှင် အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀)ကျပ်သာရရှိကြောင်း သိရပါသည်။  အိုးတစ်ဖိုဖုတ်လျှင် ကြာမြင့်ချိန်မှာ (၃)နာရီခန့်သာကြာမြင့်ပြီး တစ်နေ့လျှင် အိုးတစ်ဖိုသာဖုတ်ကြောင်းသိရပါသည်။ အိုးဖုတ်ရာ၌ ဆောင်းရာသီတွင် ဖုတ်သည့်အိုးမှာ သောက်ရေအိုးဆိုလျှင် ရေမှာ တစ်နှစ်ပတ်လုံးအေးမြမှုရှိသည်ဟုသိရပါသည်။ ထိုကြောင့် ကျေးလက်နေရှေးလူကြီးသူမများက ဆောင်းရာသီတွင်ဖုတ်သည့် သောက်ရေအိုးကိုဝယ်ယူသုံးစွဲကြပါသည်။ ယခုအချိန်တွင် ခေတ်မီတိုးတက်လာသည်နှင့်အညီ ရိုးရိုးတန်းတန်းသောက်ရေအိုးအပြင်  ဆန်းသစ်တီထွင်အဆင့်မြှင့်တင်ပြီး ဇီးကွက်သောက်ရေအိုးကိုလည်းထုတ်လုပ်လာကြပါသည်။ ထိုဇီးကွက်သောက်ရေအိုး၏ ဝင်ဆံ့ပမာဏမှာ ရေသန့်ဘူးအကြီးထက် အနည်းငယ်သာလျော့နည်းပါသည်။ ထိုဇီးကွက်သောက်ရေအိုးမှာ တချို့ကို ဘဲနှုတ်သီးထည့်ပြီး တချို့ကိုမူဘဲနှုတ်သီးမတပ်ဘဲ ထုတ်လုပ်လာကြပါသည်။ ဈေးကွက်တွင် ဇီးကွက်သောက်ရေအိုးမှာ ဝယ်ယူမှုရှိ၍ ဘဲခေါင်းပါသောအိုးမှာ ဈေးကွက်တွင် တစ်လုံးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချပြီး ဘဲခေါင်းမပါသော ဇီးကွက်အိုးတစ်လုံးလျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ မြေကြီးဖြင့်ပြုလုပ်ထားသော သောက်ရေအိုးမှာ ကျန်းမာရေးအတွက်လည်းအထူးသင့်လျော်ပြီး ဝယ်ယူမှုများ၍ ဇီးကွက်အိုးနှင့် ရိုးရိုးသောက်ရေအိုးများကို ဦးစားပေး၍ထုတ်လုပ်ကြကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ဖောင်းကံရွာမှထွက်ရှိသောအိုးမှာ နာမည်ရ၍ အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချကြသည့်အပြင် မြန်အောင်၊ ကြံခင်း၊ ကံမ၊ မင်းတုန်း၊ သရက်၊ ပြည်နှင့် ရွှေတောင်မြို့များသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ အိုးဈေးနှုန်းများအနေဖြင့် ရိုးရိုးသောက်ရေအိုးတစ်လုံးလျှင် ၂၀၀၀ကျပ်၊ ဖရုံသီးအိုးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းပွင့်အိုးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းစိုက်အိုး (ခတ်အိုး)တစ်လုံးလျှင် ၁၅၀၀ကျပ်၊ ပန်းစိုက်အိုး (ထွင်းအိုး)တစ်လုံးလျှင် ၁၃၀၀ကျပ်၊ ပန်းထိုးအိုး (ကြီး)တစ်လုံးလျှင် ၇၀၀ကျပ်၊ ပန်းထိုးအိုး(သေး)ပန်းပွင့်အိုးတစ်လုံးလျှင် ၅၀၀ကျပ်၊ ပန်းထိုးအိုး(သေး) ပြောင်တစ်လုံးလျှင် ၄၀၀ကျပ်၊ အင်တုံကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်နှင့် ငါးပိရည်အိုးတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ဈေးကွက်တွင်ရောင်းချကြောင်းသိရပါသည်။

     ဖောင်းကံရွာရှိ မြေအိုးလုပ်ငန်းမှာ လူသိများ၍ နာမည်လည်းရသဖြင့်  အဝယ်များသော ဇီးကွက်သောက်ရေအိုးကို ပုံမှန်အတိုင်းထုတ်လုပ်ခြင်းမဟုတ်ဘဲ အလှအပဖြစ်အောင် ဆေးရောင်စုံခြယ်ပြီး ပိုမိုခိုင်ခန့်စွာပြုလုပ်၍ ရောင်းချမည်ဆိုလျှင်/ မြန်မာတစ်နိုင်ငံလုံးလူသိများပြီး ပြည်တွင်းဖြစ်ကို ရွေးချယ်ဝယ်ယူသုံးစွဲကြလျှင် ပြည်တွင်းဖြစ်မှာ လူသိများကာ ထုတ်လုပ်သူများအဖို့ အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ ဤမျှသာမက သောက်ရေအိုးအပြင် အခြားသောအိုးများကိုလည်း တန်ဖိုးမြှင့်၍ ထပ်မံတိုးချဲ့ထုတ်လုပ်သွားမည်ဆိုလျှင် ဒီထက်မက အမြတ်အစွန်းများစွာရရှိနိုင်မည်ဖြစ်ကြောင်း ရေသားလိုက်ရပါသည်။

DOCA(ပဲခူး)