ဝင်ငွေတိုးနေသော မေမြို့ပန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာမှ တောင်သူ ဦးဇော်နိုင်၏ ဥယျာဉ်၊ ခြံမြေများတွင် မေမြို့ပန်းများကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အတွက် ဝင်ငွေများတိုးပြီး အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။

     မေမြို့ပန်းကို နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်ကြောင်း၊ သီတင်းကျွတ်လတွင် စတင်ပျိုးထောင်ပြီး ပြာသိုလတွင် အဖူးအပွင့်များဖူးပွင့်ကာ စတင်နုတ်ယူရောင်းချနိုင်ကြောင်းသိရပါသည်။ ပျိုးသက်ကာလမှာ သက်ယဉ်၊ သက်လတ်၊ သက်ကြီးဟူ၍ (၃)မျိုးစိုက်ပျိုးနိုင်ကြောင်း၊ သက်ယဉ်ကို (၂)လခွဲ၊ သက်လတ်ကို (၃)လခွဲနှင့် သက်ကြီးကို (၄)လစိုက်ပျိုးရကြောင်းသိရပါသည်။ မေမြို့ပန်းမျိုးစေ့ထုတ်ကိုဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ ပန်းပွင့်အရောင်များမှာ ပန်းနုရောင်၊ အပြာရောင်၊ ကြက်သွေးရောင်၊ အနီရောင်၊ မရမ်းရောင်နှင့် အဖြူရောင်တို့ပွင့်ကြောင်းသိရပါသည်။

     မေမြို့ပန်းများရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များက လာရောက်ဝယ်ယူကြပြီး ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ မေမြို့ပန်း (၃)ပင်ပါ တစ်စည်းလျှင် (၂၅၀)ကျပ်ရရှိပြီး လက်တစ်ဆုပ်အစည်းတစ်စည်းလျှင် (၁၅၀၀)ကျပ်အထိရရှိကြောင်းသိရသည်။ မေမြို့ပန်းကို တစ်ရက်ခြားတစ်ခါ နုတ်ယူရောင်းချပြီး ပန်းအစည်းရေ (၁၀၀မှ ၁၅၀) စည်းအထိရရှိကြောင်းသိရပါသည်။ ထို့ကြောင့် မေမြို့ပန်းကို မြေ၊ အရင်းအနှီး၊ အချိန်နည်းနည်းဖြင့် စိုက်ပျိုးနိုင်ပြီး ၎င်းမှာ ဈေးကွက်ကောင်းပါက အမြတ်ငွေများများရရှိသောကြောင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)