စာသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် ၂၂ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းရှိ A to Z အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့သွားရောက်၍ သံချောင်းလုံးများရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့အား ဆိုင်မန်နေဂျာ ဒေါ်ပန်းအိလှိုင်က မိမိတို့ဆိုင်၌ရောင်းချနေသော သံချောင်းလုံးများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြောင်းတာကာစက်မှုဇုန်နှင့် မန္တလေး တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း၊ ပြည်တွင်းထုတ် သံချောင်းလုံးများကို တစ်တန်အတွက် သတ်မှတ်ရောင်းချရသောအချောင်းရေကို ကုမ္ပဏီများက သတ်မှတ်ပေးထားပြီး ကုမ္ပဏီ၏ သတ်မှတ်ထားသည့်အရေအတွက်အတိုင်း ရောင်းချရကြောင်း၊ ပြည်တွင်းထုတ် သံချောင်းရောင်းချသည့်ဆိုင်အားလုံး ၎င်းနည်းအတိုင်း ရောင်းချရကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်တွင်းဖြစ် သံချောင်းလုံးများအား ကုမ္ပဏီက သတ်မှတ်ပေးသည့်အတိုင်း ၅ကီလိုဂရမ်အလေးချိန်ရှိ သုံးမူးလုံးသံချောင်းများကို တစ်တန်အတွက် ၁၃၅ချောင်း၊ ၇ကီလိုဂရမ်အလေးချိန်ရှိသည့် ငါးမူးလုံးသံချောင်းများကို တစ်တန်အတွက် ၈၈ချောင်းနှင့် ၁၃ကီလိုဂရမ်အလေးချိန်ရှိသည့် ခြောက်မူးလုံးသံချောင်းများကို တစ်တန်အတွက် ၅၃ချောင်းဖြင့်ရောင်းချရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)