ပုဂံမြို့သစ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ ထွန်းတောက်နေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်(၁၇.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာ)သည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်ဌေးအောင်(လက်ထောက်ညွှန်ကြားရေးမှူး)မှ လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)မှ ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ဇင်ယုခိုင်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကိုလည်းကောင်း‌ ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(ဦးစီးအရာရှိ)သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ လူငယ်မောင်မယ်များ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဘေးန္တရာယ်ကင်းရှင်းပြီး၊ လုံခြုံစိတ်ချရမှုရှိသောကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရေး၊ နစ်နာဆုံးရှုံးမှုများ အရေးဆိုတိုင်ကြားနိုင်စေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများမှ သိသင့်သိထိုက်သည်များကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ နားလည်သိရှိလိုသည့် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်သည့် အချက်အလက်များအား မေးမြန်းဆွေးနွေးရာ ဦးသန်းစိုး(ဦးစီးအရာရှိ)မှ ပြန်လည်ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

      သက်ဆိုင်ရာဌာနများမှ ဟောပြောဆွေးနွေးမှုများအပြီးတွင် ကျောင်းအုပ်ဆရာကြီး၊ ဦးထွန်းထွန်းမင်းမှ ယခုလိုမိမိကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် အဖိုးမဖြတ်နိုင်သော အသိပညာဗဟုသုတများအား လာရောက်ဟောပြောဆွေးနွေးပေးပါသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူလူကြီးမင်းများအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာ/ဆရာမများ၊ ကျောင်း သားကျောင်းသူများ စုစုပေါင်း( ၁၂၀ )ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)