ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ခရမ်းချဉ်သီးဈေးနှုန်းများပြန်လည်မြင့်တက်လာ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် အိမ်ရှင်မများအတွက် ဟင်းလျာများထဲ၌ မရှိမဖြစ်အသုံးပြုသော ခရမ်းချဉ်သီးများဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် ပြန်လည်ဈေးနှုန်းမြင့်တက်ကြောင်း မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂) ဈေးနှင့် ပျံကျဈေးသည်များထံမှသိရှိရပါသည်။   ထိုင်ဝမ်ခရမ်းချဉ်သီးကို  ပခုက္ကူမြို့နယ်ရှိ ကျွန်းများဖြစ်သော ရွာသစ်ကုန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ကျွန်းဦး၊ ကျွန်းညို၊ ဆယ်ရွာ၊ နန်းတော်ရပ်အုပ်စုရှိကျေးရွာများ၊ မြစ်ခြေမြို့နယ်ရှိရွာများ၊ ကမ္မမြို့နယ်ရှိရွာများသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိရွာများတွင် တိုင်ထောင်ခရမ်းချဉ်သီးကို တစ်ကွင်းတစ်စပ်ရေသွင်း၍ စိုက်ပျိုးကြသည်။ ထွက်ရှိလာသောခရမ်းချဉ်သီးများကို မြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့ ၌ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်များထံမှသိရှိရ ပါသည်။

    ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ဇန်နဝါရီလ(ပထမပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ်(၈၀၀-၉၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၀၀-၇၀၀)၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်(၇၅၀-၈၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၅၀-၇၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၃၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၂၀၀)ဖြစ်၍ တစ်ပိဿာလျှင် ကျပ်(၃၀၀-၄၀၀)ထိ ဈေးနှုန်းများပြန်လည်မြင့်တက်နေကြောင်း မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)၊ ပျံကျဈေးသည်များထံမှသိရှိရပြီး နေ့စဉ် ကုန်ချိန် (၅၀၀၀မှ ၆၀၀၀)ထိဝင်ရောက်လျက်ရှိပါသည်။ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အပင်များရေသွင်းအားလျော့နည်းလာပြီး အသီးသီးနှုန်းများလျော့နည်းလာမှုကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(မကွေး)