ပြောင်းလဲတိုးတက်လာသည့် Online Shop ဈေးကွက်ဝန်ဆောင်မှုများနှင့်သတိပြုဖွယ်အချက်အလက်များ

Powered by Drupal

          ခေတ်နှင့်အညီတိုးတက်မှုများက မြန်ဆန်လွန်းလှပါသည်။ ဟိုယခင်အချိန်ကာလများက ကုန်ရောင်းကုန်ဝယ်/ ဈေးရောင်းစျေး၀ယ် ပြုလုပ်ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းချင်း ဖလှယ်၍ သော်လည်းကောင်း၊ ရွှေစ ငွေစများပေး၍သော်လည်းကောင်း မိမိအလိုရှိသည့် ကုန်ပစ္စည်းကို လဲလှယ်၍ရောင်းဝယ်မှုများပြုလုပ်ကြပါသည်။ ရှေးယခင် ငွေကြေးအသပြာ မပေါ်ပေါက်မီက ဘာတာစနစ်ဖြင့် အလုပ်ဖြစ်ခဲ့ကြပြီး ဘာတာစနစ်ဆိုသည်မှာ   ကုန်ပစ္စည်းချင်း အလဲအလှယ် ပြုလုပ်၍ ရောင်းဝယ်သည့်စနစ်ဖြစ်ပါသည်။ ၎င်းဘာတာစနစ်ကို သမိုင်းမတင်မီ ဘီစီ ၆ဝဝဝ ခုနှစ် ခန့်တွင် စတင်ခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။

          ယနေ့ခေတ်ကာလတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ငွေစက္ကူများဖြင့် ကုန်ရောင်း ကုန်ဝယ် ပြုလုပ်ကြသကဲ့သို့ Mobile Banking ငွေပေးချေမှု စနစ်များ၊ Social Media ပလက်ဖောင်းများမှလည်း ငွေပေးချေကာ ကုန်ပစ္စည်းဝယ်ယူသည့် စနစ်များကို တွင်တွင် ကျယ်ကျယ် အသုံးပြုလုပ်ကိုင်ဆောင်ရွက်လာကြပြီဖြစ်ပါသည်။ ခေတ်မှီတိုးတက် ပြောင်းလဲလာမှု များနှင့် နည်းပညာများ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်မှုသည်လည်း တိုးတက်ကောင်းမွန်လာမှုများကို လက်တွေ့ နယ်ပယ်တွင် တွေ့မြင်လာရပါသည်။

         ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာမှုများကြောင့် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ရန်မလိုအပ်ပဲ အင်တာနက်မှတစ်ဆင့် မျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်ရနေကြပြီးဖြစ်ပါသည်။ Online ကို အသုံးပြု၍ Online Shopping စနစ်များဖြင့် ဈေးအရောင်းအဝယ်များပြုလုပ်နေကြပြီဖြစ်ပါသည်။ စျေးရောင်းဝယ်ဖောက်ကားသူများအနေဖြင့် ဝန်ဆောင်မှုမြောက်များစွာကို စားသုံးသူ စိတ်ကျေနပ်မှုဖြစ်အောင် ကြော်ငြာများဖြင့် စွဲဆောင်စည်းရုံး ရောင်းဝယ်မှုပြုလုပ်နေကြပါသည်။  စျေးရောင်းခြင်းလုပ်ငန်းကို မည်ကဲ့သို့စနစ်များဖြင့် ဆောင်ရွက်သည်ဖြစ်စေ ရောင်းသူဝယ်သူဆက်ဆံရေး ပြေပြစ်ခြင်းသည် အရေးကြီးသည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။ မိမိတို့ပေးသော ဝန်ဆောင်မှု၊ ရောင်းလိုသော ကုန်စည်များကို မိမိဘက်ပါအောင် စည်းရုံးသိမ်းသွင်း၍ စားသုံးသူများ ဝယ်ယူအသုံးပြုလို စိတ်များနှင့် ဆန္ဒပြင်းပြလာအောင် ဆောင်ရွက်ပေးခြင်းလုပ်ငန်းသည် ပြောင်းလဲတိုးတက်လာသည့် ဈေးကွက်ဝန်ဆောင်မှု လုပ်ငန်းများဖြစ်ပေါ်လာခဲ့ပါသည်။

        နိုင်ငံတကာအသိုင်းအဝန်းတွင် အင်တာနက် နည်းပညာထွန်းကားကျယ်ပြန့်လာမှုများကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ငွေပေးချေမှုစနစ်များ နည်းပညာတိုးတက်လာမှုနှင့်အတူပုံစံများ ပြောင်းလဲလာသည်။ မြန်မာနိုင်ငံတွင်လည်း Online အရောင်း အဝယ်လုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ် နယ်ပယ်ကျယ်ပြန့်လာနေပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ  ပြုပြင် ပြောင်းလဲမှု၏ ရလဒ်အဖြစ် အိုင်တီအခြေခံအဆောက်အဦများ၊ ဘဏ်လုပ်ငန်းစနစ်များ တိုးတက် ကောင်းမွန်လာခဲ့ပါသည်။

         အိုင်တီပညာအခြေခံ E-Commerce လုပ်ငန်းများနှင့် E-Business လုပ်ငန်းများကို ဆောင် ရွက်ကြရာတွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိပါသည်။ အားသာချက် များအနေဖြင့် နိုင်ငံတကာသို့ မိမိတို့၏ ထုတ်ကုန်များကို  တင်ပို့ရောင်းချ နိုင်ခြင်း၊ ထုန်ကုန်များကို Online မှတဆင့် အချိန်နှင့်တပြေးညီဖော်ပြပေးနိုင်ခြင်း၊ လုပ်ငန်း အချင်းချင်းဆက်သွယ်ရ လွယ်ကူခြင်း၊ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီသိရခြင်းစသည့် အားသာချက်များ ရရှိပြီး အားနည်းချက်များအနေဖြင့် အင်တာနက်လုံခြုံရေးကို သတိပြုရမည်ဖြစ်ပြီး မိမိ၏လုပ်ငန်း စနစ်များကို အချိန်မရွေးဖျက်ဆီးနိုင်သည့် အန္တရာယ်များ ရှိကြောင်းကို သတိမူရမည့်အချက်ဖြစ်ပါ သည်။

       Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ အလှအပ ရေးရာများကို Mobile Banking များ၊ ကြိုတင်ငွေပေးချေမှု စနစ်များဖြင့်လည်း လုပ်ဆောင် နေကြပြီဖြစ်သည်။ စားသုံးသူများသည် မိမိတို့အလိုရှိသည့် အသုံးအဆောင်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများအား မှာယူအသုံးပြုခြင်းများနှင့် မွေးနေ့အထိမ်းအမှတ်များ၊ Anniversary နေ့များတွင် ချစ်ခင်ရသူများအား Surprise Gift များကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသော ဝန်ဆောင်မှုများသည် ခေတ်ကာလနှင့်အညီ ရယူအသုံးပြုလာကြပါသည်။

        ထိုကဲ့သို့ ခေတ်စနစ်တိုးတက်လာသည်နှင့်အမျှ Online မှတဆင့် ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ဝန်ဆောင်မှုများ အပေါ် ရိုးသားဖြောင့်မတ်မှန်ကန်စွာရှိခြင်း၊ အာမခံချက်များ၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများ နှင့်အညီ မိမိတို့၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးများအပေါ် အာမခံချက်ပေးနိုင်ရန် လည်းလိုအပ်လျက်ရှိပါသည်။

         Online မှတဆင့် ငွေကြိုလွဲစနစ်ဖြင့် ရောင်းချသည့် အချို့သော စီးပွားရေးလုပ်ငန်းရှင် ဝိသမထားလောဘသားများ၏ မရိုးဖြောင့်မှုကြောင့် ကုန်စည်နှင့် ဝန်ဆောင်မှုများရယူသော စားသုံးသူများသည် နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရမှုများလာသည်ကို မကြာခဏ ကြားသိ နေရသည်။ အချို့Online ပေါ်မှ ဈေးရောင်းသူများသည် မိမိရောင်းမည့်ပစ္စည်းကို Online ပေါ်ဈေး ကွက်တင်ရာတွင် ပစ္စည်း၏ ရှိရင်းစွဲအရည်အသွေးထက် ပိုမိုတောက်ပြောင်အောင်ပြသကာ ဝယ်သူ တို့ စွဲမက်ဖွယ်ဖြစ်အောင်ပြသဆောင်ရွက်ကြသည်။ ထို့အပြင် ကုန်ပစ္စည်းကို ဈေးကွက်တင်ပြရာတွင် ပစ္စည်းပုံကို ရှိရင်းပုံထက်အဆမတန်ကြီးကာ ပုံကိုပြသထားကြသည်ကိုလည်း တွေ့ရတတ်သည်။ ဈေးဝယ်သူများက ပစ္စည်းကြိုက်၍ မှာယူလိုက်ပြီး Delivery များမှတဆင့် ပစ္စည်းရောက်လာသည့် အခါ ကုန်ပစ္စည်းအရည်အသွေးများက သိသိသာသာ ကွဲလွဲနေတတ်ပါသည်။ ထိုကဲ့သို့ ရောင်းသူနှင့် ဝယ်သူအကြား ပြဿနာများလည်း မြောက်များစွာ ရှိကြောင်းကြားသိကြရသည်။

           စားသုံးသူများမှာယူသည့် နမူနာပစ္စည်းများကဲ့သို့ အရည်အသွေးပြည့်မီမှု မရှိခြင်း၊ ကြော်ငြာများ၊ ကမ်းလှမ်းချက် သို့မဟုတ် မိမိတို့ရောင်းချရာတွင် ပြောဆိုဖော်ပြချက်များနှင့် ကိုက်ညီမှုများ မရှိခြင်း၊ တားမြစ်ထားသည့် ကုန်ပစ္စည်းများအား ထင်ယောင်ထင်မှား ဖြစ်စေရန် ပြောကြား၍ ရောင်းချခြင်းစသည့်ပြဿနာများ ဖြစ်ပွားလာပါက စားသုံးသူများသည် မိမိတို့ဝယ်ယူအသုံးပြုသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအား စိတ်တိုင်းမကျသည့် အခိုက်အတန့်များဖြင့် ကြုံကြိုက်ကြရသော်လည်း မြန်မာ လူမျိုးတို့၏ ရိုးရှင်းသော ဓလေ့စရိုက်များအတိုင်း အားနာကြီးလွန်းခြင်း၊ စေတနာထားလွန်းခြင်းများကြောင့် မလိုလားအပ်သော နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပါသည်။

        ထိုကဲ့သို့ ပြဿနာများဖြစ်ပွားပါက ရောင်းချသူကပို့လိုက်သော ပစ္စည်းသည် ကြောငြာတွင် ဖော်ပြထားသည်နှင့် ကွဲလွဲနေပါက ရောင်းသူ၏ တာဝန်သာဖြစ်ပြီး ဝယ်ယူသူက ကျေနပ်မှု မရှိပါက ကုန်ပစ္စည်းကို လာရောက်ပို့သူထံချက်ချင်းပြန်လည်ပေးအပ်ကာ ရောင်းသူကို ဆက်သွယ်၍ ကျေနပ်မှုမရှိကြောင်း ပြန်လည်ပြောကြားရပါမည်။ အဆိုပါကိစ္စများဖြစ်ပွား၍ဝယ်သူနစ်နာပါက မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ ( Consumer Information and Complaint Center – CICC ) များသို့ သွားရောက်တိုင်တန်းနိုင်ပါသည်။

         မြန်မာနိုင်ငံတွင် E-commerce လုပ်ငန်းများကို Internet ၊ Facebook များမှတဆင့် ရောင်းဝယ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် Online Shop လုပ်ငန်းများလုပ်ဆောင်မှုတွင် ရောင်းသူဝယ်သူများအကြား ယုံကြည်မှု ပိုမိုများပြားလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများနှင့် တရားဝင်ဝက်ဘ်ဆိုက်ဖွင့်လှစ်ထားပြီး အွန်လိုင်းရောင်ဝယ်မှုလုပ်နေသည့် လုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

          သို့မှသာ Online Shop စနစ်ဖြင့်ရောင်းဝယ်မှုတွင် စနစ်တကျမှတ်ပုံတင်ပြီး နောက်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက် ရမည်ဖြစ်သောကြောင့်  အခွန်အခများလည်းပေး ဆောင်ရတော့မည်ဖြစ်ကာ နိုင်ငံ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းမှတိုးတက်ရရှိလာအောင် ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကာ စားသုံးသူများ အနေဖြင့်လည်း မိမိတို့ပေးချေရသည့် ငွေသားများအပေါ် ထိုက်တန်သည့် အသုံးအဆောင်များ၊ ဝန်ဆောင်မှုများကို အလိုရှိကြသည့်အတွက် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအပေါ် သာတူညီမျှ ပေးချေရသည့်အပေါ်တွင်လည်း စားသုံးသူများသည် ဝန်ဆောင်မှုကောင်းသောသူများ မှန်ကန်သူများ၏ နောက်သို့သာ လိုက်လာကြမည်ဖြစ်ပါသည်။ အစားအသောက်များ၊ အသုံးအဆောင်များ၊ အလှပြုပြင်ရေး ကုန်ပစ္စည်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားဝန်ဆောင်မှုများအား ငွေသားဖြင့် မိမိအလိုရှိသော ဝယ်ယူအသုံးပြုနိုင်သော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို စားသုံးသူများစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူအသုံးပြုကြရမည်ဖြစ်ပါသည်။

          သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်းရှိ Online Shop ဈေးကွက်ဝန်ဆောင်မှုများသည် တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝစွာဖြင့် ရောင်းချသူနှင့် ဝယ်ယူသူအကြား ယုံကြည်မှုရရှိစေရန်၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်သင့်ပါသည်။ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဥပဒေလုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ စားသုံးသူများ စိတ်ကျေနပ်မှု ရသည့်အထိ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူပြည်သူတို့ ယုံကြည်မှုများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောင်းလဲတိုးတက်လာသည့် ဈေးကွက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သတိပြုဖွယ် အချက်အလက်များအား စေတနာရှေ့ထား၍ ရေးသားတင်ပြလိုက်ရပါသည်။         

DOCA(စစ်ကိုင်း)