ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဆန်၊ ဆီဝယ်ယူစားသုံးမှုအဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေး၊ နယ်နိမိတ်အတွင်း/အပြင်ရှိ ဆန်၊ ဆီလက်လီအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်တွင် ဖွင့်လှစ်ရောင်းချနေသည့် ဆန်၊ ဆီတို့နှင့်တွဲလျက်ရောင်းချနေသော ကုန်ခြောက်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံကာ စားအုန်းဆီများကို လက်လီရောင်းချရာတွင် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအဆမတန်မြှင့်ရောင်းချခြင်းများမပြုလုပ်စေရန် ဈေးကွက်အတွင်း စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချမှုများကို မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုစိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်များကို ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင်လည်း ဈေးနှုန်းအဆမတန်မြှင့်တင်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းများမပြုလုပ်ကြရန် အသေးစိတ်အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)