ကန်ထရိုက်စနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် RC နှစ်ထပ်အဆောက်အဦအား ကုန်ကျစရိတ်နှင့်လက်ခအပြီး ငွေကျပ်(၃၄၅)သိန်းဖြင့်  ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးထံ စာချုပ်ချုပ်ဆိုအပ်နှံခဲ့ရာ စာချုပ်ချုပ်ဆိုသည့်နေ့တွင် ငွေကျပ် (၃၂၃) သိန်း ပေးချေခဲ့ပြီး ကျန်ငွေ (၂၂)သိန်းကို ၁၅-၇-၂၀၂၂ ရက်နေ့တွင် အပြီးပေးချေမည်ဖြစ်ကြောင်းနှင့် အဆောက်အဦအား ၅-၈-၂၀၂၃ ရက်နေ့အပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ကျန်ငွေ(၂၂)သိန်းပေးချေပြီးသော်လည်း ကန်ထရိုက်မှအဆောက်အဦအပ်နှံရာတွင် တံခါး(၇)ပေါက် တပ်ဆင်ပေးခြင်းမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၏ စေ့စပ်ညှိနှိုင်းပေးမှုအရ ကန်ထရိုက်လုပ်ငန်းရှင်မှ ၂၁-၁-၂၀၂၄ ရက်နေ့မတိုင်မီ တံခါးမကြီး(၃)ပေါက်အပြီးတပ်ဆင်ပေးရန်နှင့် အိပ်ခန်းတံခါးပေါက် (၄) ပေါက်အတွက် ကျသင့်ငွေကျပ် ၅၀၀,၀၀၀/- ကို နှစ်ဦးနှစ်ဖက် တစ်ဝက်စီကျခံသွားမည်ဖြစ်၍ ကန်ထရိုက်အနေဖြင့် ကျခံရမည့် ငွေကျပ် ၂၅၀,၀၀၀/- အား လုပ်ငန်းအပ်နှံသူထံသို့ ၂၀-၁-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် အကျေပေးချေမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိခဲ့ပြီး သဘောတူညီချက်အတိုင်း ဆောင်ရွက်ပေးခဲ့သဖြင့် တိုင်ကြားသူမှ ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။