ပေါက်မြို့နယ်ထွက်အာလူးများ ဈေးကောင်းရရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အနေဖြင့် စိုက်ပျိုးရေးကိုအဓိကထား၍ ဒေသစီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ နှစ်စဉ် ဆန်စပါး၊ ကြက်သွန်နီ၊ ပဲမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံများစိုက်ပျိုးရာတွင် အာလူးသီးနှံကိုလည်း အဓိကသီးနှံအဖြစ် စိုက်ဧက(၂၀၀၀)ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ အာလူးသီးနှံစိုက်ပျိုးရာတွင် ရင်းနှီးမတည်စိုက်ထုတ်ငွေများခြင်းကြောင့် ယခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄) တွင် စိုက်ဧက(၁၀၀၀)ခန့်ထိစိုက်ပျိုးလာကြောင်း၊ ရှမ်းပြည်နယ်ထွက် အောင်ပန်းအာလူးမျိုးကို အများဆုံးစိုက်ပျိုးပြီး၊ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလဆန်းတွင် အာလူးများတူးဖော်ကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် ကျောချောင်းနံဘေးရှိ သဲနုန်းမြေများ၌ ကျင်းဖွဲ့၍ အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။

      အာလူးသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၁)ဧကလျှင် ကျင်း(၂၀၀)ခန့်ရှိ၍ တစ်ကျင်းလျှင် အာလူး(၃၅)ကျပ်သားခန့်စိုက်ပျိုးရသည်။ ကျင်း(၂၀၀)လျှင် ပိဿာ(၇၀၀)ခန့်စိုက်ပျိုးရကြောင်း၊ အာလူးမျိုး(၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ အာလူးမျိုးဝယ်ယူခမှာ ကျပ် (၃၅)သိန်းခန့်ဖြစ်ကြောင်း၊ (၁)ဧကလျှင် အာလူးအညှောင့်တက်အပင်ပေါက် (၂၅၀၀)ခန့်ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ထွက်ရှိမှုအနေဖြင့် (၁)ကျင်းလျှင် (၂)ပိဿာမှ (၃)ပိဿာထိထွက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် အာလူးမျိုးနှင့် သွင်းအားစုအမျိုးမျိုးသုံးစွဲပုံမတူညီခြင်း၊ ရာသီဥတုနှင့် မြေသားကွာခြားမှုရှိခြင်းကြောင့် အထွက်နှုန်းမတူညီ၍ (၁)ဧကလျှင် အာလူးပိဿာ (၄၀၀၀) ထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ကျပ်သိန်း(၄၀)ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် ဒေသတွင်းနယ်မြေအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ စက်သုံးဆီနှင့် သွင်းအားစုအမျိုးမျိုးဈေးနှုန်းတို့မှာအဆမတန်ကြီးမြင့်ခြင်းကြောင့် ကျပ်သိန်း(၇၀) ခန့်ထိကုန်ကျပြီး ဝင်ငွေမှာ ကျပ်(၁၆၀)သိန်းခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၉၀)သိန်းခန့်ရရှိကြောင်း၊ ဒေသတွင်းထွက်ရှိသည့် အာလူးများကို ဒေသတွင်းဈေးကွက်နှင့် ပခုက္ကူမြို့သို့ အများဆုံးတင်ပို့လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ လက်ကားပွဲရုံသွင်းဈေးမှာ ကျပ်(၄၀၀၀)ပေးသွင်းရကြောင်း၊ ယခုနှစ်တွင် ပေါက်မြို့နယ်ထွက်အာလူးများမှာ ဈေးကောင်းရရှိ၍ စိုက်တောင်သူများအဆင်ပြေလျက်ရှိကြောင်း မြောက်ဘက်ကျေးရွာရှိ အာလူးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ အာလူးစိုက်ပျိုးမြေများစွာရှိသော်လည်း စိုက်ပျိုးမှုနည်း၍ ပြည်ပတရုတ်နိုင်ငံမှ အာလူးများကို နှစ်စဉ် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လျက်ရှိပါသည်။ အာလူးသီးနှံသည် အရသာထူးကဲပြီး ပရိုတင်းဓာတ်များစွာပါရှိ၍ ကျန်းမာရေးဆေးဖက်ဝင်သီးနှံဖြစ်သောကြောင့် ပြည်တွင်းစားသုံးမှုများပြားလျက်ရှိသည့်အပြင် ဒေသအနှံ့အပြား၌ အာလူးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် အာလူးကြော်ထုပ်ပိုးရောင်းချမှုများလျက်ရှိပြီး လူအများ စားသုံးမှုများခြင်းကြောင့်  လုပ်ငန်းတွင်ကျယ်လျက်ရှိပြီး ပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ပြည်တွင်း MSMEs အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်သည့်အတွက် ဒေသခံစိုက်တောင်သူများအနေဖြင့် နောင်လာမည့်အာလူးစိုက်ရာသီများတွင်  အာလူးကိုတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားသုံးမှုဖူလုံမှုရရှိ၍ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ အာလူးတင်သွင်းမှုကို လျှော့ချနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အပံ့ဖြစ်စေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)