ကျိုင်းတုံမြို့၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

          ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်ပြီး ပတ်ပတ်လည်တွင် တောင်ကုန်းတောင်တန်းများ အထပ်ထပ်ဝန်းရံထားသော တောပန်းကလေးများ ရောင်စုံဖူးပွင့်သည့် မောတို့ဌာနေဖြစ်သည်နှင့်အညီ အေးချမ်းပြီး နေချင်စဖွယ်ကောင်းသော တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါသည်။ တည်နေရာမှာ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၁၅မိနစ်နှင့် ၂၁ဒီဂရီ ၃၅မိနစ်ကြား၊ အရှေ့ လတ္တီတွဒ် ၉၉ဒီဂရီ ၁၆မိနစ်နှင့် ၁၀၀ဒီဂရီ ၄၅မိနစ်ကြားဖြစ်ပြီး အကျယ်အဝန်းမှာ ၁၄၈၂၅ စတုရန်း မိုင်ခန့် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၂၇၁၀ပေ တွင်တည်ရှိပါသည်၊ ရာသီဉတု အနေဖြင့် အနိမ့်ဆုံးအပူချိန်မှာ ၃.၈ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံးအပူချိန်မှာ ၃၇.၇ဒီဂရီစင်တီဂရိတ်၊ နယ်နိမိတ်အားဖြင့် အရှေ့ဘက်တွင် မိုင်းယောင်းမြို့နယ်၊ အနောက်ဘက်တွင် မိုင်းပျဉ်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် မြောက်ဘက်တွင် မိုင်းခတ်မြို့၊ မိုင်းလားမြို့တို့ဖြစ်ပါသည်။

             ကျိုင်းတုံမြို့တွင် လူဦးရေ ၉သိန်းကျော်ခန့်နေထိုင်ပြီး တစ်မြို့နှင့်တစ်မြို့ သွားလာရာတွင် ကုန်လမ်းတစ်ခုတည်းကိုသာ အဓိကထားအသုံးပြုရသည့်အတွက် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် သွားလာနေရခြင်းကြောင့် စက်သုံးဆီကို မိမိတို့လိုရာခရီးရောက်ရန်အတွက် မဖြစ်မနေ ဝယ်ယူသုံးစွဲကြရပါသည်။ လက်ရှိအချိန်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ကျိုင်းတုံမြို့နေ ပြည်သူများအနေဖြင့် အခြားပြည်နယ်များနှင့်အတူ သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး မျှော်လင့်လျက်ရှိပါသည်။

           ထို့ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဝယ်ယူနိုင်ရေးအစီအစဉ်တွင် ကျိုင်းတုံမြို့နေပြည်သူများ ခံစားခွင့်ရရှိနိုင်ရေး စက်သုံးဆီ ရောင်းချရန် အစီအစဉ် ရှိ/မရှိနှင့် အရည်အသွေး၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြန်မာ့ရေနံ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၁ခုနှစ် အောက်တိုဘာလတွင် ကျိုင်းတုံမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့  ဈေးကွက်ကွင်းဆင်း တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

           ထိုသို့မေးမြန်းမှုအရ သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီများအား ပြည်ပမှ မှာယူရောင်းချမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေး သယ်ယူစရိတ်နှင့် လုပ်အားခဈေးနှုန်းစသည့် အခက်အခဲများရှိနိုင်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံ စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် အချိန်အနည်းငယ်နှင့် လိုအပ်သောပမာဏများရရှိနိုင်သဖြင့်  ထိုင်းနိုင်ငံထုတ် စက်သုံးဆီကိုသာ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေများဖြင့် တင်သွင်းအသုံးပြုလျက်ရှိပါသည်။

            သို့ဖြစ်ရာတွင် လက်ရှိကာလအခြေအနေများကြောင့်လည်းကောင်း၊ ငွေဈေးနှုန်းမတည်ငြိမ်သည့် အခြေအနေများကြောင့်လည်းကောင်း၊ စက်သုံးဆီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာလျက် ရှိပါသည်။ (၃၁.၁.၂၀၂၂) ရက်နေ့ နိုင်ငံခြားငွေလဲလှယ်သည့်ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ (၁)ဘတ်အား မြန်မာကျပ်ငွေ  (၅၈)ကျပ်နှင့်  ညီမျှသဖြင့် ဒီဇယ် (၁)လီတာဈေးနှုန်းမှာ  (၁၇၇၀)ကျပ်၊  ဓာတ်ဆီ 95(၁)လီတာ ဈေးနှုန်းမှာ(၁၈၃၀)ကျပ်၊ ဓာတ်ဆီ 91 (၁)လီတာဈေးနှုန်းမှာ (၁၇၇၀)ကျပ်ဖြင့် မြင့်တက်လာလျက်ရှိပါသည်။

            ကျိုင်းတုံမြို့သည် တောင်ပေါ်နယ်စပ်မြို့လေးဖြစ်သည်နှင့်အညီ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေလဲလှယ်ရာတွင် တရားဝင်ငွေလဲလှယ်သည့်ဘဏ်မရှိသည့်အတွက် ငွေကြေးလဲလှယ်ရသည့် အခက်အခဲများရှိပြီး သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရမည့် အစီအစဉ်တွင်လည်း ပါဝင်ခွင့်မရှိ သည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှု အခြေအနေများအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

             ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း တရိပ်ရိပ်တက်လာသည့် စက်သုံးဆီဈေးနှုန်းများ

စဉ်

ရက်သတ္တပတ်

ဓာတ်ဆီ(95)

ဓာတ်ဆီ(91)

ဒီဇယ်

မှတ်ချက်

၃.၁.၂၀၂၂

မှ

၉.၁.၂၀၂၂ထိ

၁၆၇၀ ကျပ်

၁၆၂၀ ကျပ်

၁၅၃၀ ကျပ်

 

၁၀.၁.၂၀၂၂

မှ

၁၆.၁.၂၀၂၂ထိ

၁၇၇၀ ကျပ်

၁၇၀၀ ကျပ်

၁၆၂၀ ကျပ်

 

၁၇.၁.၂၀၂၂

မှ

၃၁.၁.၂၀၂၂ထိ

၁၈၃၀ ကျပ်

၁၇၇၀ ကျပ်

၁၇၇၀ ကျပ်

 

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်