ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ဆောင်းရာသီသီးနှံဖြစ်သည့် တိုင်ထောင်ပဲ (ပဲတောင့်ရှည်)များကို တောင်သူများက စီးပွားဖြစ်စိုက်ပျိုးသူများပြားလျှက်ရှိပြီး မိသားစု အပိုဝင်ငွေတိုးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုင်ထောင်ပဲ (ပဲတောင့်ရှည်)သီးများကို စိုက်ပျိုးရာတွင် မြေဆီလွှာအစိုဓာတ်များသော နှုန်းမြေအမျိုးအစားပေါ်တွင် ပဲစေ့များကို အစေ့လိုက်ချပေးပြီး ရက်ပေါင်း ၂၀ ခန့်ကြာလျှင် အညွန့်များတက်လာပြီး ထိုအညွန့်များကို တိုင်ထောင်ပေးရသည်။ ထို့နောက် စိုက်ပြီး ၄၅ ရက်ကြာလျှင် တိုင်ထောင်ပဲ (ပဲတောင့်ရှည်)သီးများ ကြီးထွားလာကာ ခူးယူရရှိပြီး စတင်ရောင်းချ၍ရကြောင်း တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရသည်။ တိုင်ထောင်ပဲကို ၂ ရက်ခြားတစ်ခါ ခူးရကြောင်း၊ တစ်ခါခူးလျှင် ၁၅ ပိဿာခန့်ရရှိကြောင်း၊ တစ်ပိဿာလျှင် ဈေးနှုန်း ၁၀၀၀ ကျပ်ရရှိကြောင်း သိရှိရသည်။ တစ်နေ့လျှင် အပိုဝင်ငွေ ၁၅၀၀၀ ကျပ် ရရှိသဖြင့် ယခုကာလအတွင်း မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိ၍ ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူများပြားလာကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မွန်ပြည်နယ်