ပခုက္ကူမြို့နယ်ရှိ မြစ်ရေဝင်ကျွန်းရွာများတွင် ဘူးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိ

Powered by Drupal

      ဘူးပင်မှရရှိသော ဘူးသီး၊ ဘူးရွက်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာစားသုံးသော သီးနှံများအနက် တစ်မျိုးအပါအဝင်ဖြစ်သည်။ ဘူးပင်သည် ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံအပူပိုင်းဒေသတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျွန်းရွာများဖြစ်သော ကျွန်းညိုကြီး၊ ကံလှ၊ သံပုရာပင်ကုန်း၊ တင်းဂတ်၊ နန်းတော်ရပ်အုပ်စုတွင်းရှိ ကျေးရွာများတွင် ကုန်စိမ်းသီးနှံစိုက်ခင်းများကို ရာသီအလိုက်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ စိုက်ပျိုးရာ၌ ဘူးပင်စိုက်ခင်းများကို သီးသန့်မြေကွက်၊ ဥယျာဉ်ခြံမြေများနှင့် ကြက်သွန်ခင်း၊ မြေပဲ၊ ပဲမျိုးစုံစိုက်ခင်းများတွင်လည်း ကြားညှပ်၍ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းအပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။

     ဘူးပင်စိုက်ပျိုုးရာတွင် မျိုးစေ့အနေဖြင့် ယခင်နှစ်စိုက်ခင်းထွက် မျိုးကောင်းမျိုးသန့် ဘူးသီးအလုံးကြီးမှရရှိသောမျိုးစေ့နှင့် ထိုင်ဝမ်မျိုးစေ့ထုပ်တို့ကို ဝယ်ယူ၍စိုက်ပျိုးကြသည်။ အစိမ်းနုရောင် ဘူးသီး(ဗြောင်) နှင့် အစိမ်းရင့်ရောင် အဖြူကြားဘူးသီးမျိုးကို စိုက်ပျိုးကြသည်။ ပေါင်တင်၍ ကျင်းတူးစိုက်ပျိုးခြင်းနှင့် ထယ်ကြောင်းနောက်၌ အစေ့ချစိုက်ပျိုးခြင်း(၂)မျိုးဖြင့် စိုက်ပျိုးကြသည်။ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးခြင်းဖြစ်၍ အထွက်နှုန်းကောင်းမွန်သည်။ မြစ်ရေကျချိန် တော်သလင်း၊ သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တစ်လအကြာတွင် ဘူးညွန့်များကိုခူး၍ ရောင်းချရပြီး နှစ်လခန့်အကြာတွင် ဘူးသီးများစတင်သီးကြောင်း၊ ဘူးပင်တစ်ပင်လျှင် ကြီးထွားမှုပေါ်မူတည်ပြီး အသီး(၂၀-၃၀)ထိသီးကြောင်း ဒေသခံစိုက်တောင်သူများထံမှသိရှိရပါသည်။

     ဘူးသီး၊ ဘူးရွက်ဈေးကွက်အနေဖြင့် ယခုနှစ်သီးနှံပေါ်စအချိန်တွင် ဘူးညွန့်တစ်ညွန့်လျှင် ကျပ် (၁၅)ဈေးနှုန်းဖြင့် ဖောက်သည်ပေးသွင်းရပြီး ယခင်နှစ်တွင် တစ်ညွန့်လျှင် ကျပ်(၁၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘူးသီးတစ်လုံးလျှင် အရွယ်အစားလိုက်၍ ကျပ်(၄၀၀-၁၀၀၀)လက်ကားဈေးဖြင့်   ပေးသွင်းရကြောင်း၊ ဘူးသီးသည် နွေရာသီသီးနှံဖြစ်၍ မတ်လဆန်းပိုင်းတွင် ဘူးသီးများလှိုင်လှိုင်သီး၍ ဈေးကွက်ကျဆင်းသွားကြောင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်(၁၅၀-၅၀၀)ထိ ဈေးကွက်ကျဆင်းသွားကြောင်း၊ နေ့စဉ် ဘူးညွန့်(၁၀၀)၊ ဘူးသီးအလုံး(၃၀)ခန့် ခူး၍ရောင်းချရကြောင်း၊ ဘူးသီး၊ ဘူးရွက်ကို အခြေခံဟင်းတစ်မျိုးအဖြစ် ချက်ပြုတ်စားသုံးကြသကဲ့သို့ မြန်မာ့ရိုးရာအစားအစာအဖြစ်လည်း အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချလျက်ရှိကာ ဝယ်ယူစားသုံးမှုများကြောင်း၊ စိုက်ခင်းထွက် ဘူးသီး၊ ဘူးရွက်များကို ပခုက္ကူမြို့ရှိ မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့တွင် လက်ကားဈေးဖောက်သည်ပေးသွင်းရကြောင်းသိရှိရပါသည်။

     ဘူးပင်စိုက်ပျိုးခြင်းဖြင့် ဘူးရွက်များကိုရောင်းချရ၍ နေ့စဉ်ဝင်ငွေရရှိခြင်းကြောင့် စိုက်တောင်သူများအနေဖြင့် မိသားစုစီးပွားရေးအဆင်ပြေကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူဝင်ငွေရရှိသောကြောင့် ဒေသခံတောင်သူများမှာ ကုန်စိမ်းသီးနှံ ဘူးပင်ကို နှစ်စဉ်မပြတ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)