တန်ဖိုးမြှင့်ထုတ်ကုန် မရွေးမုန့် လူကြိုက်များပြီး အကျိုးအမြတ်ရရှိ

Powered by Drupal

                  မြန်မာ့ဓလေ့ရိုးရာအစားအစာဖြစ်သော မရွေးမုန့်သည် လူကြိုက်များသော သွားရည်စာ မုန့်တစ်မျိုး ဖြစ်သည်။ မရွေးမုန့် အမျိုးမျိုးရှိသည့်အနက် ယခုတင်ပြလိုသည်မှာ ကျေးလက်ဒေသ ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသော ရာသီစာမရွေးမုန့် ဖြစ်ပါသည်။

               ဆန်မရွေးမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး အဆိုပါ ကောက်ညှင်းဆန်ကို ပေါင်းကာ ကျေညက်အောင် ထုထောင်းရပါသည်။ ထို့နောက် ၂ မီလီမီတာခန့် အထူညီညီဖြင့် အပြားဖြစ်အောင် ဒလိမ့်တုံးဖြင့် လိမ့်ရပါသည်။ ထို့သို့ ဒလိမ့်တုံးဖြင့် လိမ့်ထားသော ဆန်မုန့်ပြားအား မစိုမခြောက် လေသလပ်ခံကာ ၂ လက်မအရှည် ၂ မီလီမီတာ ပတ်လည်ခန့် ဖြတ်စ အသေးများရအောင် ဖြတ်ပြီး မုန့်ဖြတ်စများအား အခြောက်လှန်းရပါသည်။ ထို့နောက် ရေဆေးထား သော သဲသန့်သန့် အခြောက်အား မြေအိုးထဲထည့်ကာ အပူပေးထားပြီး သတ်မှတ်အပူချိန် ရပါက မုန့်ဖြတ်စအခြောက်များအား အနည်းငယ်စီထည့်၍ သဲပူဖြင့် ရောမွှေပေးသောအခါ မုန့်ဖြတ်စများ ဖောင်းကြွလာပြီး မရွေးမုန့်အကြမ်းကို ရရှိပါသည်။ ရရှိလာသော မရွေးမုန့်အကြမ်းကို ကြံသကာအရည် ထည့်လောင်းပြီး ဖျာသန့်သန့်ပေါ်တွင် ၂ လက်မအထူ ဖြန့်ခင်းကာ ၄ လက်မပတ်လည် တိုင်းဖြတ်ပြီး ပါကင်ထုတ်ပိုး၍ ဈေးကွက်တင်ပို့ ရောင်းချကြသည်။

         ကုန်ကြမ်း ကောက်ညှင်းဆန်တစ်ပြည်ကို မရွေးမုန့်ထုပ်(၅၀) ရပြီး၊ လုပ်သားခမှာ ဆန်တစ်ပြည် ၅၀၀၀ ကျပ်နှင့် ကောက်ညှင်းဆန်တစ်ပြည်မှာ ၁၅၀၀ ကျပ်ဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ၆၅၀၀ ကျပ်ဖြစ်သည်။ မုန့်တစ်ထုတ်လျှင် (၂၀၀)ကျပ် ရောင်းချရသောကြောင့် အဆိုပါ ကောက်ညှင်းဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန် မရွေးမုန့်ပြုလုပ်ရောင်းချပါက ငွေတစ်သောင်းကျပ်အထိ တန်ဖိုးမြှင့်တက်လာပြီး ကုန်ကျစရိတ်နုတ်ပါက အသားတင် ၃၅၀၀ ကျပ်ခန့်ထိ အကျိုးအမြတ်ရှိကြောင်း မရွေးမုန့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာတွင် မရွေးမုန့်လုပ်ငန်းလုပ်ကိုင်သူ (၅)ဦးခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ကောက်ညှင်းဆန်(၁၆)ပြည်ခန့် ပြုလုပ်ရကြောင်း၊ မရွေးမုန့်များကို ရန်ကုန်၊ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာမြို့များနှင့် ဒေသတွင်း တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ မရွေးမုန့်သည် လူကြိုက်များပြီး ဈေးကွက်ရှိသော စားသောက်ကုန်ဖြစ်ပြီး လက်ရှိတွင် ရာသီစာမုန့်အဖြစ် ထုတ်လုပ်သော်လည်း နောက်ပိုင်းတွင် နည်းပညာနှင့် အရည်အသွေးမြှင့်တင်ကာ တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မရွေးမုန့်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး