မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာ စပါး/ ဆန် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

               မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းတွင် တည်ရှိပြီး ဆီထွက်သီးနှံ အများအပြား စိုက်ပျိုးထွက်ရှိသော်လည်း ရေ၊ မြေ၊ ရာသီဥတု အခြေအနေအရ စပါးစိုက်ဧကနည်းသဖြင့် ဒေသတွင်း ဆန်စားသုံးမှုကို ဖူလုံအောင် စိုက်ပျိုးနိုင်မှုမရှိခြင်းကြောင့် ဆန်လို တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း ဒေသဖြစ်သော မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဆည်ရေသောက်ဧရိယာရှိခြင်း၊ စပါးစိုက်ရန် မြေဆီမြေနှစ်ရှိသော လယ်မြေများ အသင့်အတင့်ရှိခြင်းကြောင့် အရည်အသွေးကောင်းမွန်သော ဧရာပဒေသာစပါးများ စိုက်ပျိုးလျှက်ရှိပါသည်။ အဆိုပါ ဒေသမှ ထွက်ရှိသော ဧရာပဒေသာ ဆန်အမျိုးအစားမှာ အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်း စားသုံးမှုတွင် လူကြိုက်များသဖြင့် ဒေသတွင်း စားသုံးမှုအပြင် မန္တလေးတိုင်းနှင့် နေပြည်တော်၊ တပ်ကုန်းဒေသများအထိပါ ဈေးကွက်ရောက်ရှိပြီး လူအများ နှစ်သက်သော ဆန်အဖြစ် ဈေးကောင်း ရရှိလျှက်ရှိပါသည်။

              မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဧရာပဒေသာ စပါးစိုက်ဧက (၁၈၆၀၅၁) ဧက စိုက်ပျိုးလျှက်ရှိရာ မကွေးခရိုင်၊ မြို့သစ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) ၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များတွင် အဓိကစိုက်ပျိုးလျှက်ရှိပါသည်။ ဧရာပဒေသာစပါးကို ဆည်ရေရရှိသည့် ဒေသများ၌သာ စိုက်ပျိုးနိုင်ခြင်းဖြစ်ပြီး ဧရာပဒေသာ စိုက်ဧကမှာ ဆည်ရေသောက်ဧရိယာများအားလုံး စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း၊ ဧရာပဒေသာစပါး၏ သက်တမ်း မှာ ရက် (၁၄၀) မှ (၁၅၀) အထိရှိပြီး ရာသီစပါးဖြစ်သောကြောင့် ဇူလိုင်လတွင် ပျိုးထောင်ပြီး နိုဝင်ဘာလတွင် ပန်းပွင့်ရကြောင်း၊ သက်တမ်းရှည်စပါးဖြစ်၍ မိုးတွင်း၌သာ စိုက်ပျိုးနိုင်ပြီး နွေစပါးအဖြစ် စိုက်ပျိုး၍ မရကြောင်း၊ မိုးတွင်း၌ပင် ဆည်ရေပေးသွင်း၍ စိုက်ပျိုးရကြောင်း သိရှိရ ပါသည်။

              ဧရာပဒေသာဆန်သည် ၂၀၁၁ ခုနှစ်မှစ၍ ဈေးကွက်ထိုးဖောက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းမွန်လာသည့်အတွက် စပါး/ ဆန်ဈေးနှုန်းမှာလည်း မြင့်တက်လာပြီး ဆီးချို/ သွေးချိုရှိသူများမှလည်း ပေါ်ဆန်းနေရာတွင် အစားထိုး စားသုံးလာသည့်အတွက် စားသုံးမှုမြင့်တက် လာကြောင်း၊ လက်ရှိ ဧရာပဒေသာ မိုးစပါး (အဟောင်း ) (၁) တင်းလျှင် (၁၂၀၀၀) ကျပ်၊ မိုးစပါး (အသစ်) (၁) တင်းလျှင် (၁၀၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (အဟောင်း) (၁) အိတ်လျှင် (၅၁၀၀၀) ကျပ်၊ (အသစ်) (၁) အိတ်လျှင် (၄၁၀၀၀) ကျပ် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး