ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၈.၂.၂၀၂၂) နေ့ နံနက် (၁၀:၃၀) အချိန်တွင် မင်းရပ်ရပ်ကွက်ရှိ မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးထားသော မြေပဲစိုက်တောင်သူနှင့်တွေ့ဆုံ၍ မြေပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
မြေပဲစိုက်တောင်သူ ဦးသန်းဇော်နှင့်တွေ့ဆုံ၍ မြေနုကျွန်းများတွင် မြေပဲ (၂)ဧက စိုက်ပျိုးထားပါကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးမြေပဲဆန် (၂၅)ပြည်ဖြစ်ပြီး မျိုးမှာ မချောလေးမျိုး (အဖြူ) ဖြစ်ပါကြောင်း၊ တစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ၄၂၉၀၀၀ကျပ် ကုန်ကျပါကြောင်း၊ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် (၅၅)တင်းခန့်ထွက်ရှိပြီး ရွာရှိမြေပဲ ဝယ်လက်များအပြင် ပန်းတောင်းမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျှက်ရှိပြီး မြေပဲတောင့် တစ်တင်းလျှင် ၁၂၀၀၀ကျပ်ဖြင့် ရောင်းချပါကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ၂၃၀၀၀၀ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ (၂)ဧက စိုက်ပျိုးထားရှိသဖြင့် အကျိုးအမြတ်မှာ ၄၆၀၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။
မြေပဲစိုက်ပျိုးသောတောင်သူများအနေဖြင့် ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်းလည်းတိုးလာသဖြင့် တွက်ချေကိုက်သည့်နှစ်ဖြစ်ပြီး မြေပဲစိုက်ဧကများထပ်မံတိုးချဲ့ စိုက်ပျိုးလျှင် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)