အောင်မြင်ကျော်ကြားသော ပခုက္ကူဒေသထွက် “ဓူဝံ” ပဲကြော်လုပ်ငန်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၏ ဒေသထုတ်ကုန်ပဲကြော်လုပ်ငန်းများဖြစ်သော အောင်မြန်မာ၊ ကျော်မြင့်ထွန်း၊ ခိုင်မွန်၊ အင်းဝနှင့် အခြားပဲကြော်လုပ်ငန်းများအပြင် ဓူဝံပဲကြော်လုပ်ငန်းများအနေဖြင့် မိမိတို့ဒေသတွင်သာမက အခြားဒေသများသို့ပါ တင်ပို့ရောင်းချလျက်ရှိပါသည်။

     “ဓူဝံ”ပဲကြော်လုပ်ငန်းတွင် အသုံးပြုလုပ်လျက်ရှိသော ပဲများမှာ ပဲကြီး၊ ပဲဇီးကွက်၊ တရုတ်ပဲ၊ မြေပဲဆန်များကို ကုန်းကြမ်းအဖြစ်သုံးစွဲကြကြောင်း၊ ကုန်ကြမ်းပစ္စည်းများဝယ်ယူရာတွင် ပခုက္ကူမှထွက်ရှိသော ပဲများသာမက မန္တလေးတိုင်းဒေသကြီးမှထွက်ရှိသော ပဲများကိုလည်း ဝယ်ယူသုံးစွဲကြကြောင်းသိရှိရပါသည်။ ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမှာ ပဲကြီးတစ်တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၄၆၀၀၀)၊ မြေပဲလုံးဆန်တစ်ပြည်လျှင် ကျပ်(၁၀၂၄၀၀)ဖြင့်ဝယ်ယူရကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

         ဝယ်ယူရရှိသောပဲများကို အသေး၊ အခြမ်းနှင့် မှိုတက်၊ အရောင်ပျက်များရွေး၍ ပြာတီးသန့်စင်းပြီးသောပဲများကို တစ်ရက်လျှင် (၃၀)ပိဿာဝင်အိတ်ရေ(၆၀)ထိ ညနေ(၁၇:၀၀)နာရီအချိန်မှ စတင်ရေစိမ်ပြီး နံနက်(၅း၃၀)နာရီအချိန်တွင် ပဲများကိုဆယ်၍ ညှစ်ရကြောင်း၊ ပဲအခွံခွါလုပ်သားမိန်းကလေးဦးရေ မှာ (၃၀၀)ဦးရှိပြီး တစ်ဦးလျှင် (၁၅) ပြည်မှ (၂၀)ပြည်ထိ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင်ပြီးစီးကြောင်း၊ ရေစိမ်ပြီးသော ပဲအခွံခွါခတစ်ပိဿာလျှင် ကျပ်(၂၀၀)ဖြစ်ပြီး တစ်ဦးလျှင် ကျပ်(၃၀၀၀)မှ (၄၀၀၀)ကျပ်ရရှိကြောင်း၊ အခွံခွါပြီးသားပဲများကို ယောက်ျားလေးလုပ်သားများက စက်များဖြင့် ရေစစ်ထုတ်ပြီးမှသာကြော်ရကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

         သန့်စင်ပြီးသောပဲများကို ပဲကြော်စက်ကြီး(၄)စက်ထဲသို့ထည့်၍ ကြော်ရကြောင်း၊ ကြော်ပြီးသောပဲများကို ဆီအထပ်ထပ်စစ်ပြီးနောက် တစ်ပိဿာဝင်၊ (၅၀)ကျပ်သားဝင်၊ (၂၅)ကျပ်သားဝင်အိတ်များသို့ထည့်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများသို့တင်ပို့ရကြောင်း၊ ပဲကြော်တစ်ပိဿာလျှင် ကျပ်(၈၅၀၀)မှ (၉၀၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချနေကြောင်း ပဲကြော်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)