ပခုက္ကူမြို့မဈေးတွင် စပျစ်သီးနှင့်လိမ္မော်သီးများ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ် (၂) ဈေးနှင့် ပျံကျဈေးတို့တွင် သစ်သီးဝလံများဖြစ်သော ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ ဖရဲသီးနှင့် စပျစ်သီးများ နေ့စဉ်ရောင်းချလျက်ရှိပါသည်။ အသီးများစွာရောင်းချလျက်ရှိရာ စပျစ်သီး၊ ဖရဲသီးနှင့် လိမ္မော်သီးတို့မှာ ရာသီစာများတွင် ရောင်းအားအကောင်းဆုံးသစ်သီးဖြစ်ကြောင်း၊ ယခုအချိန်အခါသည် ပူပြင်းသောနွေရာသီဖြစ်၍ ချွေးထွက်များခြင်းကြောင့် အရည်ရွှန်းသောသီးနှံများကို စားသုံးမှုများလျက်ရှိခြင်းကြောင့် အရောင်းအဝယ်သွက်ကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

       စပျစ်သီး၊ ဖရဲသီးနှင့်လိမ္မော်သီးသည် လူကြီးများ၏ ဓာတ်စာဖြစ်ပြီး နွေဦးရာသီတွင် အလွန်ပူပြင်း၍ စပျစ်သီးစားခြင်း၊ လိမ္မော်သီးစားခြင်းဖြင့် အပူဒဏ်ကို ခံနိုင်ရည်ရှိကြောင်း ရှေးလူကြီးများထံမှသိရှိရပါသည်။ စပျစ်သီးမှာ အလုံးအမျိုးအစားကိုလိုက်၍ ဈေးနှုန်းများလည်းကွာခြားလျက်ရှိပါသည်။ စပျစ်သီးအလုံးသေးတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အလုံးအချွန်သီးတစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ဖြစ်ပြီး၊ ပျားလိမ္မော်သီး (အသေး)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပျားလိမ္မော်သီး(အကြီး) တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)နှင့် ဖရဲသီးတစ်လုံးလျှင် ကျပ်(၁၈၀၀မှ ၃၀၀၀)ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)