ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကွမ်းရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ကွမ်းရွက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိကြသည့်အတွက် ကွမ်းရွက်များကို တောင်ကြီး၊ မန္တလေးနှင့်အခြားမြို့များမှတဆင့် မှာယူရောင်းချကြရသည်။ ထိုသို့ တဆင့်မှာယူရောင်းချရာတွင် ပွင့်လင်းရာသီနှင့် မိုးရာသီများတွင် ကွမ်းရွက်ဈေး များသည် အနည်းငယ်မျှသာပြောင်းလဲမှုရှိပြီး၊ ဆောင်းရာသီ၌ ကွမ်းရွက်ဈေးများ မြင့်တက်လျက်ရှိပါသည်။ ကွမ်းရွက်ပင်များသည် ပူပြင်းခြောက်သွေ့သောရာသီဥတုနှင့် စိုစွတ်သောရာသီဥတုတွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည်။ ကွမ်းရွက်ပင်များသည် အမျိုးအစားများစွာရှိသည့်အနက် အသုံး များသောကွမ်းရွက်များမှာ ကွမ်းနုဝါကွမ်းရွက်၊ မတရာကွမ်းရွက်နှင့် ကွမ်းကြမ်းရွက်ကြီးကွမ်းရွက် တို့ဖြစ်သည်။

          ကွမ်းနုဝါသည် ကွမ်းရွက်များထဲတွင် အကောင်းဆုံးဟုပင်တင်စားခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံတွင်ကွမ်းနုဝါကို မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးစိုက်ပျိုးကြပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း အနည်းအကျဉ်းစိုက်ပျိုးကြ သည်။ ကွမ်းနုဝါကွမ်းရွက်များသည် အလွန်နူးညံ့သောကြောင့် အခြားဝေးလံသော မြို့နယ်၊ ပြည်နယ်များသို့ ကုန်းလမ်းဖြင့် တဆင့်သယ်ပို့ရောင်းချရန်အတွက် အခက်အခဲရှိပါသည်။ အထားအသိုဂရုမစိုက်လျှင် ပုတ်သိုးလွယ်သည့်အတွက် အခြားကွမ်းရွက်များနှင့်နှိုင်းယှဉ်လျှင် ပိုမိုအလေးထား ဂရုစိုက်ရပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကွမ်းနုဝါကွမ်းရွက်များကို ကုန်းလမ်းဖြင့်မှာယူရောင်းချရန်အတွက် အခက်အခဲများစွာရှိပါသည်။

          ကျိုင်းတုံမြို့တွင် အသုံးများသောကွမ်းရွက်များမှာ မတရာကွမ်းရွက်နှင့် ကွမ်းကြမ်းရွက်ကြီး ကွမ်းရွက်တို့ဖြစ်ကြပါသည်။ ထိုနှစ်မျိုးထဲမှ မတရာကွမ်းရွက်သည် မနု၊မကြမ်းအလယ်အလတ်ဖြစ်၍ အသုံးပြုရောင်းချရန် အဆင်ပြေပါသည်။ မတရာကွမ်းရွက်၏ မူလဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ် မှ (၆၀၀၀) ကျပ်အထိရှိပြီး၊ ကွမ်းရွက်အထွက်နည်းသည့် ဆောင်းရာသီတွင်  မတရာကွမ်းရွက်ဈေးသည် တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် မှ (၁၈၅၀၀ ) ကျပ်အထိ ဈေးကောင်းလာသည်ကို ဈေးကွက်သတင်းအရသိရှိရပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဒေသတို့တွင် တောင်သူများအနေဖြင့်  ဒေသရာသီ ဥတုပေါ်မှုတည်၍လိုက်လျောညီထွေမှုရှိမည့် ကွမ်းပင်မျိုးများကိုရွေးချယ်စိုက်ပျိုးသင့်ကြောင်း တင်ပြအပ်ပါသည်။

DOCA(ရှမ်း)