ကုန်အညွှန်းအမှတ်အသားဖော်ပြရေးအတွက် အသိပညာပေးဆွေးနွေး

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံရုံးအုပ်ဦးဇော်နေလင်းနှင့်အဖွဲ့သည်  တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် (၁၁.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာရှိ ''စိန်''ကြက်သွန်ကြော်လုပ်ငန်းသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)တို့နှင့်အညီ ပြည့်စုံစွာထည့်သွင်းရမည့်အပြင် ကြက်သွန်ကြော်သည် အရန်သင့်အစားအစာအမျိုးအစားတွင် ပါဝင်သည့်အတွက် ကုန်ပစ္စည်းအမျိုးအမည်၊ အသားတင်ပမာဏ၊ အလေးချိန်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းပြီးပါက ကုန်အမှတ်တံဆိပ် စိစစ်အတည်ပြုပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးသို့ အဆင့်ဆင့်တင်ပြပြီး ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင် ကုန်အမှတ်တံဆိပ်သည် ထုတ်ပိုးပစ္စည်းပေါ်တွင် ပါရှိရမည့် အဓိကအချက်ဖြစ်ကြောင်း၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိပါက ကုန်အမှတ်တံဆိပ်ကိုမြင်ယုံနှင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိကြောင်းသိရှိပြီး ပြည်တွင်းကြက်သွန်ကြော်လုပ်ငန်း ဈေးကွက်၌လည်း ဆိပ်ဖြူ "စိန်" ကြက်သွန်ကြော်ဆိုလျှင် နေရာအနှံ့ စားသုံးသူတိုင်းသိရှိ၍ လူတိုင်းဝယ်ယူစားသုံးကြမည်ဖြစ်ကြောင်း၊        ရောင်းချဖြန့်ဖြူးရာတွင်လည်း မိမိတို့ အများဆုံး ဖြန့်ဝေလျက်ရှိသော ဆိပ်ဖြူမြို့နယ်ဒေသတွင်းနှင့်နီးစပ်ရာမြို့များ၊ အဓိကတင်ပို့လျက်ရှိသော ရန်ကုန်(ဘုရင့်နောင်)ပွဲရုံအပြင် မြန်မာပြည်တွင်းဒေသအနှံ့အပြားသာမက မိမိဒေသထွက် ကြက်သွန်နီ(ကုန်ကြမ်း)မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်သော "စိန်" ကြက်သွန်ကြော်လုပ်ငန်းသည် ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိ ဈေးကွက်ထိုးဖောက် ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဒု-ဦးစီးမှူး ဒေါ်တင်မာရီမှ စီးပွားရေးလုပ်ငန်းရှင်အား လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့်ပတ်သက်၍  စီးပွားရေးလုပ်ငန်းရှင်အား မိမိထုတ်လုပ်ရောင်းချသော ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်ကိုသာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍  ကုန်စည်ပေါ်တွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင် သိရှိလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်မည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များပါရှိသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

        ယခုကဲ့သို့ ကြက်သွန်နီကို တန်ဘိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ပြည်တွင်း၌သာမက ဒေသတွင်း၊ ပြည်ပနိုင်ငံများအထိပါ ဈေးကွက်ပိုမိုထိုးဖောက်လာနိုင်မည်ဖြစ်ပြီး ဒေသတွင်းပြည်သူများသို့ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကာ တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မကွေး)