ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိပါ ရောင်းချနေရသည့် ရှားစောင်းလက်ပက် ချက်ဆေးလုပ်ငန်းအား ကွင်းဆင်းလေ့လာ

Powered by Drupal

         မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်မှစ၍ အမျိုးသမီးဆေးအဖြစ် အသုံးပြုသည့် ရှားစောင်း လက်ပက်မှာ ယခုအခါ အလှအပပစ္စည်းများ၊ ဆပ်ပြာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးဓါတ်စာများ၊ အချိုရည်များ ထုတ်လုပ်သုံးစွဲလာခဲ့ရာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ထနောင်းခလှ ကျေးရွာမှ ထုတ်လုပ်သည့် နုပျို သဘာဝရှားစောင်းလက်ပက် ချက်ဆေးမှာ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နိုင်ငံများအထိ တင်ပို့ရောင်းချနေရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရသည့်အတွက် (၁၇.၂.၂၀၂၂)ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးမှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့မှုအား ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးနေသည့် အတုယူဖွယ်ရာ လုပ်ငန်းတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

            နုပျို သဘာဝရှားစောင်းလက်ပက်ချက်ဆေး လုပ်ကိုင်သည့် လုပ်ငန်းရှင်မှာ အသက်(၂၀) ဝန်းကျင်သာရှိသေးသည့် ပခုက္ကူကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး ကိုဗစ်-၁၉ကြောင့် ကျောင်းရက်ရှည်ပိတ်ချိန်တွင် သူမဆယ်တန်းဘော်ဒါနေစဉ် အမျိုးသမီးရောဂါအတွက် မိခင်ဖြစ်သူကျောင်းဆရာမ၏ ဖော်စပ်ပေးခဲ့သည့် ရှားစောင်းလက်ပက်ယိုကို တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချခဲ့ရာမှ Online Bussiness လုပ်ငန်းအဖြစ် ဈေးကွက်ရှာဖွေလုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          လူငယ်လုပ်ငန်းရှင်ဖြစ်သည့်အတွက် မိမိသုံးစွဲသည့် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် မိမိထုတ်ကုန်များကို ကြေငြာခြင်း၊ မြို့ကြီးများတွင် အရောင်းကိုယ်စားလှယ်များထားပြီး တစ်ဆင့်ရောင်းချသူများ အကျိုးရှိစေရေး နုပျို ရှားစောင်းလက်ပက်ချက်ဆေး၏ ဈေးနှုန်းကို မြန်မာပြည်တွင်း တစ်ဗူးလျှင်(၅၀၀ဝိ/-)ဈေးနှုန်း သတ်မှတ်ပြီး အရောင်းကိုယ်စားလှယ်များ ကြိုးစားသလောက် ရောင်းအားပေါ်မူတည်၍ တစ်ဗူးလျှင်(၈၀ဝိ/-)မှ (၁၀၀ဝိ/-)ကြားအမြတ်ရရှိအောင် စီမံဆောင်ရွက်ပေးခဲ့မှုကြောင့် တစ်နေ့လျှင် (၅၀၀ဝိ/-)တန်ဆေးဗူး (၈၀မှ ၁၀၀ကြား) ဖြန့်ဖြူးရောင်းချနိုင်သည်အထိ လုပ်ငန်းချဲ့ ထွင်လာရကြောင်း လုပ်ငန်းရှင်ဒေါ်အေမီသိမ့်သိမ့်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။

          ပခုက္ကူခရိုင် မြိုင်ဒေသသည် မိုးခေါင်ရေရှားပြီး ပူးပြင်းခြောက်သွေ့သည့် ဒေသဖြစ်ရာ ရှားစောင်းလက်ပက်ချက်ဆေး၏ ကုန်ကြမ်းများဖြစ်သည့် ရှားစောင်းလက်ပက်၊ ထန်းဖိုထန်းလျက်၊ ဇီးပျားရည်တို့မှာ အလွယ်တကူပေါများစွာ ရရှိနိုင်ခြင်းမှာလည်း နုပျို ရှားစောင်းလက်ပက်ချက်ဆေး လုပ်ငန်း၏ အားသာချက်တစ်ခုဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။ ရှားစောင်းလက်ပက်ချက်ဆေးအား တာရှည်အထားခံရန်အတွက် လှီးထားသည့် ရှားစောင်းလက်ပက်များကို တစ်နေကုန်နေလှန်းပြီးမှ ထန်းလျက်၊ ဇီးပျားရည်၊ မန်ကျည်းမှည့်၊ စမုံမျိုးငါးပါး၊ နှမ်းနက်ဆီတို့ကိုထည့်၍ ရေကုန်သည်အထိ မီးကိုလိုအပ်သလို အတိုးအလျှော့ထား၍ ကြိုချက်ရကြောင်း၊ ရှားစောင်းလက်ပက် တစ်ဒယ်အတွက် ရှားစောင်းလက်ပက် ၆ပိဿာ၊ ထန်းလျက် ၄ပိဿာ၊ မန်ကျည်းမှည့် ၁ပိဿာ၂၅သား၊ ပျားရည် ၁၀ကျပ်သား၊ နှမ်းနက်ဆီ ၅၀ကျပ်သား၊ စမုံမျိုးငါးပါး ၁၀ကျပ်သားတို့ကို အချိုးကျထည့်၍ ကြိုရကြောင်း၊ သုံးစွဲသည့်ကုန်ကြမ်းများမှာ သဘာဝအော်ဂဲနစ်စစ်စစ်ဖြစ်၍ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှတစ်ဆင့် ပြည်ပနိုင်ငံများမှ စားသုံးသူများမှပါ မှာယူသုံးစွဲလာကြောင်း သိရှိရပါသည်။

          နုပျို ချက်ဆေးလုပ်ငန်းအတွက် ကျေးရွာမှ အမျိုးသား/သမီး (၅၀)ခန့် ငှားရမ်းသုံးစွဲရကြောင်း၊ အမျိုးသမီးဦးရေ ပိုမိုသုံးစွဲရကြောင်း၊ ရှားစောင်းလက်ပက်လှီးခြင်း၊ ပက်ကင်ထုပ်ခြင်းလုပ်ငန်းများတွင် လုပ်ဆောင်ကြကြောင်း အမျိုးသားလုပ်သားများကို ဆေးကြိုသည့်နေရာတွင် ခိုင်းစေကြောင်း၊ လုပ်သားခအနေဖြင့် အမျိုးသမီးတစ်ဦးလျှင်(၃၀၀ဝိ/-)နှုန်း၊ အမျိုးသားလုပ်သားတစ်ဦးလျှင်(၅၀၀ဝိ/-) နှုန်းပေးရကြောင်း အလုပ်ချိန်မှာ နံနက်ပိုင်း(၆:၃၀မှ ၁၁:၀၀ထိ) ညနေပိုင်းနေ့လည်(၁:၀၀မှ ညနေ ၅:၀၀ထိ) တောင်သူလုပ်ငန်းခွင်လုပ်သည့် အချိန်အတိုင်းဖြစ်ကြောင်း၊ ချက်ဆေးလုပ်ငန်းမှာ အရိပ်ထဲ တွင် လုပ်ရသည့်အတွက် အမျိုးသမီးများအနေဖြင့် အားကျိုးမာန်တက် လုပ်ကိုင်ကြကြောင်း၊ လောင်စာအနေဖြင့် ရှားသား၊ ထန်းလက်များကို အသုံးပြုကြောင်း၊ ဆေးတစ်ဒယ်ကိုကြိုချက်ရန် အချိန်(၈:၀၀)နာရီ အနည်းဆုံး ကြိုချက်ရကြောင်း၊ မှာယူမှုများပါက ညဘက်အထိပါ လုပ်ဆောင်ရကြောင်း၊ နုပျို ချက်ဆေးလုပ်ငန်းမှာ တစ်နှစ်တာကာလအတွင်း လုပ်ငန်းတိုးချဲ့လာရသည့်အတွက် အသေးစား စက်မှုလုပ်ငန်းမှတ်ပုံတင်ရယူဆောင်ရွက်ထားပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန်အတွက် လိုအပ်သည့် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် အသားတင်ပမာဏတို့အား ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

         ယခုကဲ့သို့ ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းများကျဆင်းနေချိန်တွင် လူငယ်အမျိုးသမီးတစ်ဦး ဦးဆောင်သည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်၍ အွန်လိုင်း မီဒီယာမှတစ်ဆင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းကို နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများအထိပါ အောင်မြင်စွာ တင်ပို့ရောင်းချနိုင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တစ်နှစ်ပတ်လုံး ဖန်တီးပေးနိုင်သည့် နုပျို ရှားစောင်း လက်ပက်ချက်ဆေးလုပ်ငန်းအား ကွင်းဆင်းလေ့လာ တင်ပြလိုက်ရပါသည်။

DOCA(မကွေး)