စားအုန်းဆီ ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် အဓိကသုံးစွဲနေရသည့် ဒေသတွင်းရှိ တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းများ၊ SME လုပ်ငန်းငယ်များနှင့် စားသုံးသူပြည်သူများ ဈေးကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် ဝယ်ယူ၍ တိုက်ရိုက်ရောင်းချသည့် စားအုန်းဆီများကို လုပ်ငန်းရှင်များ၊ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးမှ စားအုန်းဆီများအား တိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ပထမအကြိမ်အဖြစ် ဆီကိုယ်စားလှယ် (၇၄)ဦးအား (၄၇၁၅)ပေပါ ခွဲဝေရရှိမှုအပေါ်တွင် သတ်မှတ်ရောင်းဈေး တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့ပါသည်။ ဒုတိယအကြိမ်အဖြစ် အဆိုပါ (၄)ခရိုင်တွင် ဆီကိုယ်စားလှယ် (၆၁)ဦးအား ခွဲဝေရရှိပေပါ (၁၂၀၀)တွင် တစ်ပိဿာ ၄၄၅၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ခွဲဝေရရှိပေပါ (၁၁၀၀)တွင် ဆီကိုယ်စားလှယ် (၅၉)ဦးမှ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဈေးများ၊ရပ်ကွက်အတွင်းရှိ ဆိုင်များတွင် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ စတုတ္ထအကြိမ်အဖြစ် ခွဲဝေရရှိသည့် ပေပါ(၅၅၀)ကိုလည်း အဆိုပါခရိုင်များတွင် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်၍ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ စားအုန်းဆီအရောင်းဆိုင်များသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဖွဲ့စည်းပေးထားသည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့များဖြင့် သတ်မှတ်ဈေးနှုန်းများ ရောင်းချပေးစေရေး၊ အရည်အသွေးပြည့်မီမှုရှိစေရေးနှင့် စနစ်တကျ ရောင်းချပေးစေရေးတို့ကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)