![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/75.png?itok=mKYA1n_G)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စပါးနှင့် မတ်ပဲသီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားစိုက်ပျိူးကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇.၅သိန်းရှိပြီး ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း ကန်ကြီးထောင့်မြို့နယ်၊ လျှော်ကုန်းကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူတစ်ဉီး၏ ပြောကြားချက်အရသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်လအတွင်း ပေါ်ဆန်းစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ၃၀၆၆၀ကျပ်ခန့်၊ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်ဈေးနှုန်းနှင့် မိုးဧည့်မထစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ၂၁၁၆၀ကျပ်ခန့်၊ ဆန်တစ်အိတ်လျှင် (၈၅၀၀၀/၈၇၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဧပြီလတွင် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ၉၀၀၀ကျပ်ခန့် မြင့်တက်ခဲ့ပြီး မိုးဧည့်မထဆန်ဈေးတွင် ဆန်တစ်အိတ်လျှင် (၂၀၀၀/၃၀၀၀)ကျပ်ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး ရန်ကုန်နှင့် အထက်အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှသိရသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်နှင့် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လတွင် ဆန်အိတ် ၃၄သိန်းကျော်စီးထွက်ခဲ့ပြီး၊ ဧပြီလတွင် အိတ်ရေ ၁၃သိန်းကျော်စီးထွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)