မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ(၁)ရက်မှ (၁၄)ရက်အတွင်း ကြက်သွန်နီအသစ် မိုးစိုက်(ဥစိုက်)များသော ဆိပ်ဖြူမြို့ ဧရာဝတီမြေနုကျွန်းပေါ်ဒေသများနှင့် ကုန်းတွင်းပိုင်းဒေသများအပြင် ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး (၁)ရက်လျှင် ပျမ်းမျှပိဿာ(၇)သောင်းခွဲခန့် (၂)ပတ် အတွင်း စုစုပေါင်းပိဿာချိန် (၁၀)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဖေဖော်ဝါရီလ ပထမပတ်နှင့်ဒုတိယပတ် (၂)ပတ်အတွင်း ကြက်သွန်နီ(အသစ်)(၁)ပိဿာ ဈေးနှုန်းမှာ ထိပ်စ(ရှယ်) အမြင့်ဆုံးဈေးနှုန်းမှာ (၅၂၅)ကျပ်မှ (၄၇၅)ကျပ်အထိ ကုန်စည်ဒိုင်ဖြတ် ဈေးနှုန်းဖြစ်ခဲ့ပြီး အသေးအနုပ် အနိမ့်ဆုံးဈေးနှုန်းမှာ (၁၅၀)ကျပ်မှ (၁၀၀)ကျပ်အထိ ဈေးနှုန်းရှိခဲ့ကြောင်း၊ ယခင်တစ်ပတ်ဈေးနှုန်းထက် ကြက်သွန်နီ အမြင့်ဆုံးထိပ်စ ဈေးနှုန်းမှာ (၂၅)ကျပ်ခန့် ကျဆင်းခဲ့ကြောင်း၊ ကြက်သွန်နီ(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ (ရှယ်) (၈၀၀) ကျပ်နှင့်အလတ်စ(ကြီး) (၆၅၀)ကျပ်၊ အလတ်စ(သေး) (၅၀၀)ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါ သည်။
ယခင်(၁)ပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားရခြင်းမှာ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ မြဝတီ သို့ တင်ပို့လျက်ရှိသော ဝယ်လက်များမှ ဝယ်လိုအားနည်း၍ ဈေးကွက်နည်းသွားခြင်းကြောင့် ဈေး အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူကုန်စည်ဒိုင်မှ ဖေဖော်ဝါရီလ(၁)ရက်မှ(၁၄)ရက်အထိ ပထမ(၂)ပတ်အတွင်းတွင် (၆/၁၂)ဘီးမော်တော်ယာဉ်များ ဖြင့် ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)သို့ ကားစီးရေ (၆၅)စီး၊ ပြည်မြို့(၇)စီး၊ စစ်တွေမြို့(၁၇)စီး၊ မြဝတီမြို့ (၁၁)စီး၊ ပုသိမ်မြို့(၁)စီး စုစုပေါင်း(၁၀၁)စီးခန့်၊ ကြက်သွန်နီ(အသစ်) တန်ချိန် (၅၈၀၆၇)တန်ခန့် စီးဆင်းခဲ့ပါကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)