ဇီးသီး (အချဉ်မျိုး) ဈေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ၏ ကြီး ကြပ်မှုဖြင့် ဦးစီးအရာရှိ နှင့် ဝန်ထမ်းများသည် (၁၆.၂.၂၀၂၂)ရက်နေ့ ( ၁၀:၀၀  ) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်အတွင်း ဇီးသီး (အချဉ်မျိုး) ထွက်ရှိရာ တောင်သူများထံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းဘေး၊ ဂွေ့ကြီးကျေးရွာရှိ ဦးခင်မောင်ချို၏ ဇီးသီးပွဲရုံသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

          မိတ္ထီလာမြို့နယ်သည် အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းတွင်တည်ရှိပြီး ဆူးခြုံတောများပေါက် ရောက်ရာ‌ဒေသဖြစ်သည့်အတွက် ဆူးပင်အမျိုးအစားဖြစ်သည့် ဇီးပင်(အချဉ်မျိုး)များ သဘာဝအလျောက် အများအပြားပေါက်နေသည်ကို တွေ့ရှိရသည်။ ဇီးပင် (အချဉ်မျိုး)များသည် နှစ်ရှည်ပင်အမျိုး အစားဖြစ််ပြီး တောင်သူများ၏ လယ်ကန်သင်း၊ ယာကန်သင်းများနှင့် မြေလွတ်နေရာများတွင် သဘာဝ ပေါက်ပင်အဖြစ် အလေ့ကျပေါက်‌ရောက်ကြပြီး အပင်များကြီးထွားလာရာမှ အသီးများခူးဆွတ်ရ၍ ‌ရောင်းချရပြီး အပိုဝင်ငွေအဖြစ်ရရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။

          ဒီဇင်ဘာလတွင် ဇီးသီးများစတင်ခူးဆွတ်ရပြီး ဖေဖော်ဝါရီလထိ (၃)လခန့် ခူးဆွတ်ရကြောင်း၊ အရွယ်ရောက်ပြီး ဇီးပင် (၁) ပင်လျှင် စတင်ခူးဆွတ်ချိန်မှ ပြီးဆုံးချိန်ထိ ဇီးသီးခြောက် (၁၅) တင်းမှ (၂၀) တင်းအထိထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်က ဇီးသီးခြောက် (၁)တင်း အမြင့်ဆုံးစျေးနှုန်း အဖြစ် (၂၉၀၀ မှ ၃၂၀၀ ကျပ်ထိ) သာရရှိခဲ့ပြီး ယခုနှစ်တွင်မှု လက်ရှိပေါက်စျေး (၁) တင်းလျှင် (၄၅၀၀) ကျပ် စျေးထိရရှိနေသည့်အတွက် အကျိုးအမြတ်ဝင်ငွေ ပိုမိုရရှိကြောင်း သိရှိရပါသည်။

          ခူးဆွတ်ရရှိသော ဇီးသီးများကို နေပူလှမ်းအခြောက်ခံပြီး ရွာအရောက်လာဝယ်သော ပွဲစားများ ထံသို့လည်းကောင်း၊ ဇီးသီးပွဲရုံများသို့ သွားရောက်၍လည်းကောင်း ရောင်းချကြကြောင်း၊ ဇီးသီးပွဲရုံများ မှ ဝယ်ယူရရှိသော ဇီးသီးခြောက်များကို မိတ္ထီလာစက်မှုဇုံရှိ ဇီးခွဲစက်များသို့ တင်ပို့ပြီး ရောင်းချကြကြောင်း ပွဲရုံများမှ သိရှိရပါသည်။

          ဇီးခွဲစက်များမှလည်း ဝယ်ယူရရှိသော ဇီးသီးခြောက်များကို ကြိတ်ခွဲရာ ဇီးစေ့၊ အဆံ၊ ဇီးကြိတ်ဖတ်၊ ဇီးစေ့ခွဲခြမ်းဟူ၍ ထွက်ရှိကြောင်း၊ ဇီးစေ့အဆံ (၁) ပြည်လျှင် (၂၀၀၀၀) ကျပ် စျေးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း၊ ဇီးကြိတ်ဖက် (၁) အိတ်လျှင်(၁၅၀၀) ကျပ်စျေးဖြင့် တိရိစ္ဆာန်စာအဖြစ် လည်းကောင်း၊ ဇီးစေ့ခွဲခြမ်း (၁) အိတ်လျှင် (၅၀၀) ကျပ် စျေးနှုန်းဖြင့် မီးသွေးလောင်စာအဖြစ် အသုံးပြု ကြကြောင်း၊ ဒေသတွင်း ဇီးပင်အကြီး (၁) ပင်လျှင် ဇီးသီးခြောက်ရောင်းချရမှုမှ ခန့်မှန်းဝင်ငွေ (၆၀၀၀၀)ကျပ်မှ (၇၀၀၀၀) ကျပ်ခန့် အထိရရှိကြောင်း သိရှိရပါသည်။

          ဇီးသီး(အချဉ်မျိုး)များကို ဇီးပင်မှ ခူးဆွတ်ပြီး ဇီးခွဲစက်များသို့ ကြိတ်ခွဲပြီးချိန်ထိ ဖြစ်စဉ်တစ်လျှောက် တောင်သူ၊ ကုန်သည်၊ စက်ပိုင်အားလုံး အကျိုးအမြတ်များရရှိကြပြီး အလေ့ကျပေါက်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမှု ကုန်ကျစရိတ်မရှိခြင်း၊ ဂရုစိုက်ပြုစုပေးရန် မလိုအပ်ခြင်း၊ အပိုဝင်ငွေအဖြစ်ရရှိကြခြင်း၊ အပင်များများရှိလျှင် ရှိသလောက်ဝင်ငွေရခြင်း စသည့်ဖြင့် အကျိုးပြုသော အပင်အမျိုးအစားဖြစ်ပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိသော ဇီးပင်(အချဉ်မျိုး)များကို စနစ်တကျ စိုက်ပျိုးပြီး သေချာပြုစု ပျိုးထောင်ပေးမည်ဆိုလျှင် ယခုထက်မကသော ဝင်ငွေများရရှိနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

DOCA(မန္တလေး)