စွန့်ပစ်ပစ္စည်း (Recycle)ဈေးနှုန်းဈေးကွက်

Powered by Drupal

          မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စုအနေဖြင့် နေ့စဉ် Recycle အဖြစ်အသုံးပြုရန် ပြန်လည် ရောင်းချနိုင်သော စွန်ပစ်ပစ္စည်းများရှိနေပြီး ၎င်းစွန့်ပစ်ပစ္စည်းများကိုလည်း ပြန်လည်ဝယ်ယူသည့် ဆိုင်များမှာလည်း ဈေးကွက်အတွင်း ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိနေကြောင်း သိရှိရပါသည်။

           ပြည်ခရိုင်အတွင်း Recycle ပစ္စည်းများအား ပြန်လည်ဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချ နေသော ပစ္စည်းဟောင်းဝယ်ယူသည့်ဆိုင် များစွာရှိနေပြီး ၎င်းဆိုင်များအနေဖြင့် ဝယ်ယူရရှိသည့် Recycle ပစ္စည်းများအား ရန်ကုန်မြို့ရှိ မြောင်းတကာ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တို့ရှိ Recycle ပစ္စည်းများပြန်လည်ပြုပြင်၍ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများသို့ ပြန်လည် တင်ပို့ရောင်းချလျက်ရှိပါသည်။ ဆိုင်များမှဝယ်ယူသည့် တစ်ပိဿာ ဈေးနှုန်းများအနေဖြင့် ပလပ်စတစ်(ပျော့) ၅၀၀ကျပ်၊ ပလပ်စတစ် (အကြွပ်) ၂၀၀ကျပ်၊ ရေသန့်ဘူးခွံ ၅၀၀-၇၀၀ကျပ်၊ ပုံး၊ ဇလုံ၊ ခုံကျိုး ၇၀၀ကျပ် နှင့် သံ(ပါး) ၆၅၀ကျပ်၊ သံ (အထူ) ၁၁၀၀-၁၂၀၀ ကျပ်အထိ ဝယ်ယူလျှက်ရှိပါသည်။

           ဝယ်ယူရရှိသည့် ပစ္စည်းများအား ရန်ကုန်မြို့ရှိ Recycle ပစ္စည်းများ ပြန်လည်ပြုပြင် ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ တစ်ဆင့်တင်ပို့ ရောင်းချရာတွင်လည်း ဈေးကောင်း ရရှိ လျှက်ရှိပါသည်။

        မိသားစုတစ်စု၏ နေ့စဉ် Recycle စွန့်ပစ်ပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည် ရောင်းချသောကြောင့် မိသားစုအတွက် စွန်ပစ်ပစ္စည်းများမှ ဝင်ငွေရရှိခြင်း၊ တစ်ဆင့် ပြန်လည် ရောင်းချသည့် ဆိုင်များအနေဖြင့်လည်း အကျိုးအမြတ်ရရှိခြင်း၊ စက်ရုံအလုပ်ရုံများမှ အိမ်သုံးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ရာတွင်လည်း အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများအား လွယ်ကူ သက်သာစွာ ရရှိလျှက်ရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ် တွင်လည်း များစွာအကျိုး ဖြစ်ထွန်းမှုရှိပါသောကြောင့် စွန့်ပစ်ပစ္စည်း Recycle ဈေးကွက်အနေဖြင့် ခိုင်မာစွာ ရပ်တည်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)