ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၂၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့မ၊ မြို့မဈေးကြီးအတွင်းနှင့် မြို့ပေါ်ရှိ ကလေးအဟာရဖြည့်စွက်စာအရောင်းဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ နို့စို့ကလေးနှင့် ကလေးငယ်များအား မိခင်နို့ရည်တိုက်ကျွေးခြင်းကိုအထောက်အကူပြုရန်၊ မိခင်နို့ရည်အစားထိုးအစာများကို အမှန်တကယ်လိုအပ်ချိန်တွင် အာဟာရပြည့်မီစွာ/ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရန်၊ သင့်လျော်သည့်ဖြည့်စွက်စာကို တိုက်ကျွေးတတ်စေရန်နှင့် မှန်ကန်သည့်သတင်းအချက်အလက်များကို ပြည်သူလူထုသိရှိကျင့်သုံးနိုင်စေရန်တို့ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခဲ့ကြပြီး၊ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန် ဆိုင်ရှင်များအား ပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
အလားတူပင် ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူဝန်ထမ်းများသည်လည်း မိတ်ဖက်ဌာများနှင့်အတူ ပန်းတနော်မြို့ဈေးကွက်ရောက်ကုန်စည်များဖြစ်သော ကလေးအဟာရဖြည့်စွက်စာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုချက်ထောက်ခံချက်များပါဝင်မှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)