မန္တလေးမြို့ရှိ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် လယ်ယာထွက် ကုန်သီးနှံများအားနေ့စဉ် (ဥပုဒ်နေ့မှအပ) အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခု ဖေဖော်ဝါရီ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံသီးနှံများမှ တရုတ်နှင့် အိန္တိယသို့ တင်ပို့မှုမျာသော ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲစဉ်းငုံတို့အနက် မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုး ဖြစ်ထွန်းသော ပဲများမှာ ပဲတီစိမ်း၊ကုလားပဲ၊ပဲစဉ်းငုံတို့ဖြစ်ပါသည်။ ပဲတီစိမ်းကို မန္တလေးတိုင်းဒေသ ကြီးအတွင်း မိုး/ဆောင်း နှစ်သီးစိုက်ပျိုးပြီး ဆောင်းပဲတီစိမ်းအနေနှင့် ကျောက်ဆည်ခရိုင်တွင် အများ ဆုံးစိုက်ပျိုးပါသည်။ မိုးပဲတီစိမ်းကို ရမည်းသင်းခရိုင်တွင် အများဆုံးစိုက်ပျိုးပြီး တစ်ဧက အထွက် နှုန်းအနေနှင့် ပျှမ်းမျှ (၁၀) တင်း ဝန်းကျင်ထွက်ရှိပါသည်။ ပဲစင်းငုံနီမှာ ဇွန်၊ဇူလိုင်လများတွင် စတင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ဖေဖော်ရီလများတွင် ထွက်ရှိရာ လက်ရှိအချိန်တွင် ပဲစဉ်းငုံအသစ်များ ဈေးကွက် သို့ဝင်ရောက်လာပါသည်။ မန္တလေးတိုင်းဒေသကြီးသည် ရာသီဥတုဒဏ်ခံနိုင်သည့် ပဲစင်းငုံနီကို အများဆုံး စိုက်ပျိုးသောဒေသဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် မလှိုင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးပါသည်။ ကုလားပဲကို မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံး စိုက်ပျိုး သော်လည်း ကျောက်ဆည်ခရိုင်တွင် အများဆုံးစိုက်ပျိုးပါသည်။တစ်ဧကကုန်ကျစရိတ်အနေနှင့် ပျှမ်းမျှ(၁၁)တင်း ဝန်းကျင်ထွက်ရှိသည်ဟု သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မတ်ပဲမှာ စိုက်ပျိုးမှုနည်းပြီး ပြင်ဦးလွင်ခရိုင်နှင့် မြင်းခြံခရိုင် တို့တွင်သာ အနည်းငယ် စိုက်ပျိုးပါသည်။
ပဲတီစိမ်း ၅၆.၂၅ ပိဿာဝင် (၃)တင်းတစ်အိတ်ဈေးမှာ ယခုတစ်ပတ် ၁၀၈၀၀၀ ကျပ် ဖြင့် နေ့စဉ် အိတ် (၁၀၀၀-၁၅၀၀) ခန့်၊ မတ်ပဲ ၆၀ပိဿာဝင်(၃) တင်းတစ်အိတ်ဈေးမှာ ယခုတစ်ပတ်တွင် ၁၂၃၀၀၀ကျပ်ဖြင့် နေ့စဉ်အိတ် (၄၀၀- ၆၀၀) အိတ်ခန့်၊ ပဲစင်းငုံနီ (၆၀) ပိဿာဝင် (၃) တင်း အိတ်ဈေးမှာယခုတစ်ပတ် ၁၂၇၀၀၀ ကျပ်ဖြင့်နေစဉ်( ၇၀၀ - ၁၀၀၀)ခန့်၊ ကုလားပဲဖြူလုံးကြီး နှင့်ကုလားပဲ ထိုင်ဝမ် ၅၇.၂၅ပိဿာဝင် (၃) တင်းတစ်အိတ် ဈေးမှာယခုတပတ် ၁၁၄၀၀၀၊ ၁၁၀၀၀၀ ကျပ်ဖြင့်နှစ်မျိုးပေါင်း နေ့စဉ်(၈၀၀-၁၃၀၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။
DOCA(မန္တလေး)