ဖြူးမြို့အဝေးပြေးကားဝင်းမှ စိတ်ကြိုက်ထမင်းခြောက်ကြော်

Powered by Drupal

 

     ဖြူးမြို့ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းဝင်းအတွင်း မုန့်အရောင်းဆိုင်၌ မုန့်မျိုးစုံကြားတွင်စိတ်ကြိုက်အမှတ်တံဆိပ်ဖြင့် ထမင်းခြောက်ကြော်ဘူးလေးများကိုတွေ့ရှိရပါသည်။ ယာဉ်ရပ်နားစခန်းဝင်းရှိထမင်းဆိုင်များမှ ရောင်းမကုန်သည့်ထမင်းများအလဟဿမဖြစ်ရလေအောင် အခြောက်လှန်း၍ပြန်ကြော်ပြီး ခရီးသွားပြည်သူများ အဆာပြေစားနိုင်ရန်ရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

       ထမင်းကိုလတ်ဆတ်ချိန်မှာ နေပူထဲတွင်အခြောက်လှန်းပြီး ဆီနှင့်သင့်တင့်စွာကြော်ရပါသည်။ ထို့နောက် သင့်တင့်စွာထုပ်ပိုးပြီး ပြန်၍ရောင်းချခြင်းသည် ရောင်းချသူအတွက် ကောင်းမွန်သည့်စိတ်ကူးစိတ်သန်းဖြစ်သကဲ့သို့ ခရီးသွားပြည်သူများအတွက် ဝန်မကျယ်ဘဲသင့်တင့်သည့်ဈေးနှုန်းဖြင့် အာဟာရဓါတ်ကို ရရှိစေပါသည်။

       ထမင်းခြောက်ကြော်သည် အဆာပြေအတွက်ရည်ရွယ်၍ရောင်းချခြင်းဖြစ်သော်လည်း အာဟာရပြည့်၍အားဖြစ်စေသဖြင့် ခရီးသွားများကြိုက်နှစ်သက်ကြောင်း၊ တန်ဖိုးမှာလည်းတစ်ဗူးလျှင် ၁၅၀၀ကျပ်သာရှိသဖြင့် ဈေးသက်သာကာဝယ်ယူစားသုံးသူများသဖြင့် ရောင်းရကြောင်း ထမင်းခြောက်ကြော်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)