
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘုရားနှစ်ဆူကျေးရွာမှ တောင်သူလယ်သမားများသည် မိုးစပါးပြီး၍ ခပေါင်းဆည်ရေကိုအသုံးပြုကာ နွေစပါးများကိုလည်းသီးထပ်စိုက်ပျိုးကြပါသည်။ ခပေါင်းဆည်ရေသွင်းမြောင်းလက်တက်မှ ရေသွင်း၍မရသည့်လယ်သမားအချို့သည် မြောင်းလက်တက်မှရေများကို ရေတင်စက်ဖြင့်တင်၍ စိုက်ပျိုးကြပါသည်။
ယခုအခါတွင် နွေစပါးများကိုရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်းကြောင်းသိရှိရပါသည်။ တောင်သူလယ်သမားအများစုမှာ ကွင်းထဲအရောက်လာရောက်ဝယ်ယူသည့်စပါးပွဲစားများထံသို့ ရောင်းချကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် ကွင်းအရောက်လာရောက်ဝယ်ယူသည့်ဈေးနှုန်းမှာ စပါးတင်း ၁၀၀လျှင် ကျပ် ၁၉ သိန်းရှိပါသည်။
တောင်သူအချို့မှာအပင်ပန်းခံပြီး မြို့ပေါ်ဆန်စက်များသို့ပို့ကာ ကိုယ်တိုင်ကြိတ်ခွဲပြီးမှထွက်ရှိလာသည့် ဆန်၊ ဆန်ကွဲ၊ ဖွဲနုများကို ပြန်လည်ရောင်းချကြပါသည်။ ၎င်းလယ်သမားများမှာ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)