ရှမ်း/ တောင် ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

    ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီး ခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာအဓိက စိုက်ပျိုးတဲ့ ခရမ်းချဉ်တွေဟာ အရင်နှစ်ကထက် ဈေးကောင်းရနေပေမဲ့ စိုက်ပျိုးစရိတ်နဲ့ စိုက်တဲ့တောင်သူ နည်းပါးလာပြီး၊ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့်   အသီးအထွက်နှုန်းတွေလည်း နည်းလာပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။ အင်းလေးကန် အတွင်းက ကျွန်းမျောတွေက ရာသီဥတု ပူပြင်းတာကြောင့်  ပျက်စီးကုန်တဲ့အ ပြင် အရင်ကထက် စိုက်ပျိုးတဲ့ တောင်သူတွေ နည်းပါးလာတာကြောင့် အသီးအထွက်နှုန်း လျော့ကျကာ  ဈေးကွက်အတွင်းကိုလည်း အရင်နှစ်တွေကလောက် တင်သွင်းနိုင်ခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်၊ ဈေးကောင်းနေပေမဲ့ စိုက်ပျိုးစရိတ်ကြီးလာတာကြောင့် တောင်သူတွေက အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

    မနှစ်ကတော့ ခရမ်းချဉ်သီးတွေက အထွက်နှုန်းများပြီး ဈေးကောင်းမရခဲ့တာကြောင့် တိရစ္ဆာန်တွေကျွေး၊ ဒီအတိုင်းလွင့်ပစ်ခဲ့ရပါတယ်၊ မနှစ်က အနိမ့်ဆုံးဈေးက ၁၀ဝိ/ထိတောင် ဖြစ်ခဲ့ပါတယ်။  ဒီနှစ်မှာတော့ ဈေးနှုန်းကအတော်ကောင်းလာပြီး ဂွတ်ရှယ်သီးက တစ်ပိဿာ ၃၀၀ဝိ/-၊ ရှယ်သီးက ၂၈၀ဝိ/ နဲ့ အသေးက ၂၅၀ဝိ/- ဈေးထိပေါက်နေပါတယ်၊ အသီးကြီး အသီးညီပြီး၊ အလုံးလှတာကို(ဂွတ် ရှယ်)သီး၊ သူ့ထက် အလုံးငယ်တာကို (ရှယ်သီး) နဲ့ အသေးမျိုးကိုတော့ (အသေးသီး)ဆို ခွဲခြားပြီး ဈေးကွက်ကိုဝင်ပါတယ်၊ ခရမ်းချဉ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ အများဆုံးစိုက်ပျိုးကြပြီး၊ စိုက်ပျိုးချိန်ကတော့ (၃)လ မှ (၄) လကြာပါတယ်၊ နှစ်စဉ် ဇန်နဝါရီလမှာ ၁ ကြိမ်နဲ့ မေလမှာ၁ ကြိမ် စိုက်ပျိုးကြပါတယ်၊  ဒီနှစ်မှာတော့ မနှစ်ကထက် စိုက်ပျိုးမှုလျော့နည်းလာပြီး ၄ပုံ ၁ပုံသာစိုက်ပျိုးနိုင်ခဲ့ပြီး၊ အင်းလေးဒေသအတွင်း ကျေးရွာပေါင်း ၅၀ ကျော်ခန့် စိုက်ပျိုးကြပါတယ်၊ စိုက်ပျိုးမြေ ကျွန်းမျော ဧကပေါင်း ၂ သိန်းနီးပါးခန့်ရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်၊ ရှမ်းပြည်နယ် အင်းလေးဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေကို ရန်ကုန်၊ မန္တလေးတို့အပြင်  ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ရှမ်းပြည်နယ် (မြောက်ပိုင်း)သာမက မြန်မာပြည်တပြည်လုံးကို တင်ပို့ရောင်းချရတယ်လို့ ညောင်ရွှေမြို့ ခရမ်းချဉ်ပွဲရုံတွေက သိရှိရပါတယ်။

DOCA(ရှမ်း)