![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/175_0.png?itok=wj1pnG0u)
မိုးဦးကျချိန်တွင် အင်တောများ၌ပေါက်ရောက်သောမှိုတစ်မျိုး(သို့)အင်ဥများသည် ပေါ်ဦးပေါ်ဖျားအချိန်၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဈေးကွက်အတွင်း ဈေးကောင်းရနေကြောင်းသိရပါသည်။ အင်ဥနို့ဆီဘူးတစ်ဘူးလျှင် ကျပ်(၃၀၀၀)မှ(၇၀၀၀)ထိ ရောင်းချနေကြောင်းသိရှိရပါသည်။
အင်ဥသည်အင်ပင်များနှင့်ဆက်စပ်ပြီး ပေါက်ရောက်သောမှိုတစ်မျိုးဖြစ်ပြီး အင်ပင်အောက်ခြေအနီနားတွင်ပေါက်သည့် မှိုတစ်မျိုးဖြစ်သောကြောင့် အင်ဥဟုအလွယ်ခေါ်ကြသည်။ အင်ဥသည် အခွံအမဲ(သို့)အညိုရောင်ရှိပြီး အရွယ်အားဖြစ်လောက်စာလုံး၊ ဂေါ်လီလုံးအရွယ်ခန့်ရှိပါသည်။ အင်ဥကိုကန်စွန်ရွက်၊ ငရုတ်သီးစိမ်းတို့ဖြင့်ကြော်၍ အများပြည်သူများနှစ်သက်စွာ စားသုံးကြသည်ဟုသိရှိရပါသည်။ မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥကိုပေါများစွာတွေ့ရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အင်ဥကိုမိုင်းတုံမြို့နယ်ရှိ အင်တောများတွင်အများဆုံးရှာဖွေရရှိကြပါသည်။
ဈေးကွက်အနေဖြင့် မိုင်းတုံ၊ နာကောင်းမှုဒေသများမှထွက်ရှိသောအင်ဥများကို ဒေသအတွင်းစားသုံးရန်ရောင်းချကြသကဲ့သို့ တောင်ကြီး၊ မိုင်းဆတ်၊ တာချီလိတ်မြို့များသို့ တင်ပို့ရောင်းချကြသည်ဟုသိရှိရပါသည်။ သို့ဖြစ်ပါ၍ မိုးဦးကာလပေါ်ဦးပေါ်ဖျားရရှိသောအင်ဥများသည် အများပြည်သူများနှစ်သက်စွာစားသုံးကြသောကြောင့် ဈေးကောင်းရရှိကာ အင်ဥရှာသူများဝင်ငွေကောင်းနေပါကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)