ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၏ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင် (စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်းတို့ကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၁၀၀)ဧက ကျော်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၈၀)အကြာတွင် ခူးဆွတ်ရကြောင်း၊ နှမ်းနီမျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည် ခန့်ကုန်ကျကြောင်း၊ မိမိအနေ ဖြင့် နှမ်းနီ(၈)ဧကခွဲနှင့် နှမ်းဖြူ(၁)ဧကခွဲ စုစုပေါင်း(၁၀)ဧကခန့်ကို  ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားပါကြောင်း၊ နှမ်းနီကို ယခင်နှစ်မျိုးလက်ကျန်ဖြင့် စိုက်ပျိုးပြီး နှမ်းဖြူကို အထက်မင်းလှ မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး(၁)ပြည်လျှင် ကျပ်(၁၁၀၀၀)ဖြင့် ဝယ်ယူ၍စိုက်ပျိုးပါကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် နှမ်းနီစိုက်ပျိုးမှုတွင် မျိုးဖိုးမပါဘဲ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၁၀၀၀၀၀)ဝန်းကျင်ကုန်ကျပြီး နှမ်းဖြူစိုက်ပျိုးမှုတွင် မျိုးဖိုး အပါအဝင် ကျပ်(၁၄၀၀၀၀)နီးပါးကုန်ကျပါကြောင်း၊ ယခင်နှစ်က နှမ်းနီ၊ နှမ်းဖြူ(၁)ဧကအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၅)တင်းထွက်ရှိပြီး (၁)တင်းလျှင် နှမ်းနီကျပ်(၈၀၀၀၀)၊ နှမ်းဖြူ ကျပ်(၈၅၀၀၀) ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် မင်းလှမြို့သို့ တင်ပို့ရောင်းချကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍ စိုက်ပျိုးရပြီး မိုးများသည့်အခါတွင် နှမ်းပင်များပျက်စီး၍ အထွက်နှုန်း လျော့နိုင်ပြီး မိုးနည်းသည့် အခါတွင်လည်း မျိုးအောင်မူနည်း၍ အထွက်နှုန်းလျော့နိုင်ကြောင်း၊ ယခု လက်ရှိအချိန် ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ဈေးနှုန်းအနေဖြင့် ယခင်နှစ်ကထွက်ရှိခဲ့သည့် နှမ်းအဟောင်းများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး နှမ်း(၁)တင်းလျှင် နှမ်းနက်(စမုံ) ကျပ်(၁၂၅၀၀၀)၊ နှမ်းနီ ကျပ်(၁၁၂၅၀၀)၊ နှမ်းဖြူ ကျပ်(၁၁၆၅၀၀)ဈေးရနေသည့်အတွက် ၎င်းဈေးအတိုင်းရှိနေမည် ဆိုလျှင် နှမ်းစိုက်တောင်သူများအတွက် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ကြောင်း ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးတင်ဇော်ဌေးထံမှ သိရှိရပါသည်။

DOCA(မကွေး)