ပြည်ပဲသီး၊ ခရမ်းသီးများ ဈေးကောင်းနေ

Powered by Drupal

      ပြည်ဈေးကွက်အတွင်း ယခုကဲ့သို့ ပူပြင်းတဲ့နွေကာလတွင် ဟင်းသီးဟင်းရွက်များအဝင်နည်းပြီး ဈေးကောင်းရလျက်ရှိနေပါသည်။ ယခု၂၀၂၄ခုနှစ်၊ မေလကုန်တွင် ပဲသီး(ခေါ်)တိုင်ထောင်ပဲမှာ ပြည်ဈေးကွက်သို့ ရွှေတောင်၊ ပုတီးကုန်း၊ ဝက်ပုတ်တို့ဘက်မှ အဓိကဝင်ရောက်မှုရှိပြီး နေ့စဉ်အဝင်ရှိသော်လည်း ပမာဏမှာ အတောင့် (၁၀၀)ပါ အစည်း (၅၀)ခန့်သာအဝင်ရှိသည်။ အတောင့်(၁၀၀) ပါ အစည်း(၁)စည်းလျှင် ကျပ် (၃၀၀၀)ခန့်ဖြင့် ဖောက်သည်ဈေးယူရပြီး လက်လီ (၁၀) တောင့်ပါ အစည်း (၁)စည်းလျှင် ကျပ်(၄၀၀) ခန့်ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ ယခုဖြစ်ပေါ်နေသောပဲသီးဈေးမှာ ယခင်နှစ်ကာလတူဈေးနှုန်း ကျပ် (၂၀၀)နှင့်နှိုင်းယှဉ်ပါက ပဲသီးဈေးကောင်းလျက်ရှိနေကြောင်းသိရသည်။ ပြည်ဈေးကွက်အတွင်း၌ ခရမ်းသီးအမျိုးအစား(၂)မျိုးရောင်းချလျက်ရှိပြီး ကိုင်းခရမ်းသီးနှင့် ခြံခရမ်းသီးဟူ၍ရှိရာ ကိုင်းခရမ်းသီးမှာ အလုံးသေးပြီး (၁)လုံးလျှင် ကျပ် (၁၀၀)ရှိ၍ ခြံခရမ်းသီးမှာ အလုံးချောပြီး (၃)လုံးလျှင် ကျပ်(၁၀၀၀)နှုန်းဖြင့်ဖောက်သည်ယူရပြီး လက်လီ တစ်လုံးလျှင် ကျပ် (၅၀၀-၆၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိနေသည်။ ပြည်ဈေးကွက်သို့ ပုတီးကုန်းနှင့် ပြည်မြို့အနီးတဝိုက်ရှိ မှော်ဇာ၊ ဇီးအုပ်၊ နတ်တလင်း၊ ကင်ပွန်းခြုံတို့ဘက်မှ ခရမ်းသီး (၂)မျိုးစလုံးမှာ ရက်ခြားအဝင်ရှိနေကြောင်းသိရသည်။ ကိုင်းခရမ်းသီးဈေးနှုန်းမှာ ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မသိသာသော်လည်း ခြံခရမ်းသီးဈေးမှာ ယခင်နှစ် ကျပ်(၂၀၀)နှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးကောင်းလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)