
၂၀၂၄ခုနှစ်၊ မေလတွင် ပြည်တွင်းစားသုံးမှုများသော ပဲအများစု၏ ဈေးနှုန်းများမှာ ပြည်ပဝယ်လိုအားကောင်းသော ပဲများထက်ပင် ဈေးကောင်းရနေသည်ကိုတွေ့ရပါသည်။ အဆိုပါပဲများမှာ ထောပတ်ပဲ၊ ပဲနီပြား၊ စားတော်ပဲသီးနှံများဖြစ်ကြပါသည်။ ပြည်ခရိုင်အတွင်း အဆိုပါပဲများမှာ စိုက်ပျိုးမှုလည်းနည်းပြီး ထွက်ရှိမှုလည်းနည်းခဲ့သောကြောင့် ဈေးကွက်၌ ပဲပေါ်ချိန်၊ အထွက်လှိုင်ချိန်များတွင်သာ လက်လီ/ လက်ကားအရောင်းအဝယ်ဖြစ်ပြီး ယခုကဲ့သို့ အဝင်ပါးချိန်တွင် လှောင်ပဲလက်ကျန်များဖြင့် လက်လီသမားများ နေ့စဉ်အဝယ်ရှိကြသည့် ပဲများဖြစ်ပါသည်။ ယခင်နှစ်ကတည်းက ပဲဈေးနှုန်းအားလုံးမှာ ဈေးကောင်းရရခဲ့ပြီး ထောပတ်ပဲ၊ ပဲနီပြား၊ စားတော်ပဲသီးနှံများလည်းဈေးကောင်းခဲ့ကာ စားတော်ပဲသီးနှံမှာ ပိဿာ (၂၀ ) ဝင် တစ်တင်း ၁၄၅၀၀၀ကျပ်အထိ ဈေးကောင်းရရှိခဲ့သည်ဟုသိရပါသည်။ ထို့ကြောင့် ၂၀၂၃ခုနှစ်၌ ပဲဈေးကွက်အတွင်း ပြည်တွင်း/ ပြည်ပဝယ်လက်ပဲများအားလုံးထက် စားတော်ပဲသီးနှံမှာ ဈေးအမြင့်ဖြင့် စံချိန်တင်ရရှိခဲ့သည့် သီးနှံဖြစ်ခဲ့ပါသည်။ နှစ်အလိုက် အဆိုပါပဲများ၏ ကာလတူအချိန်ရရှိခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာသိရှိရပါသည် -
စဉ် ပဲအမျိုးအစား ၂၀၂၁ ၂၀၂၂ ၂၀၂၃ ၂၀၂၄
မေလ မေလ မေလ မေလ
၁။ ထောပတ်ပဲ ၂၇၀၀၀ ၄၆၀၀၀ ၉၀၀၀၀ ၁၀၅၀၀၀
၂။ ပဲနီပြား ၃၄၀၀၀ ၅၀၀၀၀ ၈၃၀၀၀ ၁၂၀၀၀၀
၃။ စားတော်ပဲ ၅၀၀၀၀ ၈၅၀၀၀ ၁၄၅၀၀၀ ၁၀၀၀၀၀
အဆိုပါဈေးနှုန်းများအရ ပဲအားလုံးမှာ တစ်နှစ်ထက်တစ်နှစ်ဈေးပိုရလာခဲ့ပြီး ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်တွင် ထောပတ်ပဲသီးနှံမှာ ဈေးနှုန်းလျော့နည်းခဲ့ရာမှ ၂၀၂၃ခုနှစ်နှင့် ၂၀၂၄ခုနှစ်တွင် ပဲနီပြား ဈေးထက် ဈေးပိုရရှိခဲ့ပြီး ယခုနှစ်တွင်မူ နှစ်စဉ် ဈေးအမြင့်၌ ရပ်တည်ခဲ့သော စားတော်ပဲသီးနှံထက်လည်းဈေးပိုခဲ့ပါသည်။
ပဲနီပြားသီးနှံဈေးမှာ နှစ်စဉ် ထောပတ်ပဲသီးနှံဈေးထက်ဈေးပိုခဲ့ကာ ၂၀၂၃ခုနှစ်တစ်နှစ်တည်းသာ ထောပတ်ပဲသီးနှံထက် ဈေးနှုန်းအနည်းငယ်လျော့နည်းသွားခဲ့ပါသည်။ ယခုနှစ်တွင်မူပဲနီပြားသီးနှံမှာ ထောပတ်ပဲထက်လည်း ဈေးပိုသွားသည့်အပြင် စားတော်ပဲသီးနှံထက်လည်းဈေးပိုရခဲ့သောကြောင့် ပဲဈေးကွက်မှာ ယခုနှစ်အတွင်း ဈေးကောင်းရလျက်ရှိသော ပြည်ပဝယ်လက်၊ မတ်ပဲ၊ ပဲစင်းငုံသီးနှံများနည်းတူ ဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။
စားတော်ပဲသီးနှံအနေဖြင့် အခြားပဲများအားလုံးနှင့်နှိုင်းယှဉ်လျှင် အခြားပဲများ ဈေးအေးခဲ့သည့် နှစ်များကတည်းက ဈေးအမြင့်ဖြင့်သာ ဈေးကွက်၌ ရပ်တည်လျက်ရှိပြီး ပဲတစ်တင်းလျှင် ကျပ်၅သောင်းအောက်လျော့မသွားဘဲ ၂၀၂၁ခုနှစ်၌ပင် ပိဿာ (၂၀) ဝင် တစ်တင်းလျှင် ၅၀၀၀၀ကျပ်၊ ၂၀၂၂ခုနှစ်တွင်လည်း ဈေးနှုန်းများထပ်မံမြင့်တက်ခဲ့ကာ တစ်တင်းလျှင် ၈၅၀၀၀ကျပ်၊ ၂၀၂၃ခုနှစ်တွင် တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်ဖြင့် ဈေးအမြင့်ဆုံးရနေခဲ့ပြီး ယခုနှစ်၌ အခြားပဲသီးနှံဈေးနှုန်းများမြင့်တက်လာသော်လည်း စားတော်ပဲသီးနှံမှာ တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်သာရရှိကြောင်း၊ ယခင်နှစ် ထောပတ်ပဲ၊ ပဲနီပြားသီးနှံထက်ပင် ဈေးလျော့ကာ ရောင်းဝယ်နေခဲ့ကြောင်းသိရပါသည်။အဆိုပါပဲများသည် ယခုကာလ၌ ပဲဈေးကွက်၌ လက်ကားရောင်းဝယ်မှုထက် လက်လီရောင်းဝယ်မှုပိုများကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)