မွန်ပြည်နယ်ဒေသထွက် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရ

Powered by Drupal

    မေလမှစ၍ မွန်ပြည်နယ်တွင် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများလှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်ထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။             

     ယခင်နှစ်က ကြက်မောက်သီးတစ်လုံးလျှင် ၆၀ ကျပ်မှ ၁၀၀  ကျပ်အထိသာရရှိပြီး ယခုနှစ်ဇွန်လပထမအပတ်တွင် မွန်ပြည်နယ်ထွက် ကြက်မောက်သီး (၁) လုံးလျှင် ကျပ် ၂၀၀ မှ ၂၅၀ ကျပ်ထိ ရရှိသဖြင့် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း ကျိုက်မရောမြို့နယ်ရှိ ကြက်မောက်သီးစိုက်ပျိုးသည့် ခြံပိုင်ရှင်များထံသိရှိရသည်။  မွန်ပြည်နယ်အတွင်းရှိ ကြက်မောက်သီးများကို မြို့ပေါ်ဈေးများနှင့် အခြားမြို့နယ် များဖြစ်သည့် ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးများသို့ တင်ပို့ ရောင်းချရကြောင်း သိရသည်။ ကြက်မောက်ပင်သည် စိုက်ပျိုးပြီး ခြောက်နှစ်ခန့်တွင် အသီးစသီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည်ကာ တစ်နှစ်ထက်တစ်နှစ်အသီး ပိုသီးလေ့ရှိကြောင်း သိရှိရသည်။

      ကြက်မောက်သီးတွင် သံဓာတ်ကြွယ်ဝခြင်း၊ ဘီတာမင် C ကြွယ်ဝစွာပါဝင်ခြင်း၊ အမျှင်နှင့်ရေဓာတ် ပြည့်ဝစွာပါဝင်ခြင်းတို့ကြောင့် အဆီကျစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေခြင်းနှင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေး အကျိုးအာနိသင်များစွာ ရရှိခြင်းကြောင့် လူကြိုက်များသည့် ရာသီစာသီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။

DOCA(မွန်)