အထက်မင်းလှမြို့တွင် မြေနုကျွန်းထွက်ဘူးသီး ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဟင်းသီးဟင်းရွက်များကို မြို့နေဒေသခံများအပြင် မြို့အနီးရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီ တောကျေးရွာများမှ လာရောက်ရောင်းချကြကြောင်းနှင့် မြို့အရှေ့ဘက်ကမ်းရှိ မြင်ကွန်းကျေးရွာမှ အများဆုံးလာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

         ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)၌ မင်းလှမြို့အရှေ့ဘက်ကမ်းရွာများအနီးရှိ မြေနုကျွန်းပေါ်တွင် စိုက်ပျိုးထွက်ရှိသော ဘူးသီးအလုံးကြီး(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ အလုံးလတ်(၁)လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ အလုံးသေး(၁)လုံးလျှင် ကျပ်(၆၀၀ - ၇၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဘူးညွန့်(၃)ညွန့်ပါတစ်စည်းလျှင် ကျပ်(၂၀၀)ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်မေလတွင် ဘူးသီး (အလုံးအကြီး၊ အသေးအလိုက်) (၁)လုံးလျှင် ကျပ်(၃၀၀မှ ၂၀၀၀)ဈေးထိသာရှိခဲ့ပြီး ယခုဇွန်လ (ပထမပတ်)တွင် ဘူးသီးဈေးနှုန်းမြင့်တက်ရခြင်းမှာ ယခုအချိန်သည် ဘူးသီးထွက်ရှိရာ မြေနုကျွန်းများပေါ်တွင် မြစ်ရေဝင်ရောက်လာမည့် အချိန်နီးလာပြီဖြစ်၍ ကျွန်းသိမ်းချိန်ဖြစ်သောကြောင့် ဘူးသီးမှာရှားပါးလာပြီး ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)